ဉရုဂွေးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ကြောင့် လူပေါင်း ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်း

မတ် ၂၂

ဉရုဂွေးနိုင်ငံတောင်ပိုင်း ဖလော်ရီဒါဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၁၀၀၀ ကျော် ၎င်းတို့နေအိမ်များမှဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။ အဆိုပါရေကြီးရေလျှံမှုကြောင့် ရာနှင့်ချီသောနေအိမ်များ ရေလွှမ်းမိုးခံရပြီး ဖလော်ရီဒါမြို့အဝင် PiedrAlta တံတားသို့ ယာဉ်အသွားအလာပြတ်တောက်သွားခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေသတွင်းမီဒီယာသို့ပြောကြား သည်။ ဖလော်ရီဒါမြို့ရှိလူဦးရေ ၃၃၀၀၀ သည်  သောက်ရေပြတ်လပ်လျက်ရှိသည်။ ရေဘေးသင့်သူများအား အစားအစာနှင့် နေစရာများ ထောက်ပံ့ပေးထားသည်ဟု သိရသည်။ မိုးလေဝသဌာနက ဖလော်ရီဒါပြည်နယ်အပါအဝင် ဉရုဂွေးနိုင်ငံ၏ဒေသအများအပြားတွင် အနီရောင်အဆင့်မုန်တိုင်းသတိပေးချက်ကို မတ်လ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို