နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီနှင့် သာသနိက အဆောက်အဦများအား သွားရောက်ကြည့်ရှုပြီး  ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

 

စစ်တွေ   ဇူလိုင်  ၂၆

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် ယမန်နေ့နံနက်ပိုင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုရား၊ စေတီနှင့် သာသနိကအဆောက်အဦများအား သွားရောက်ကြည့်ရှုပြီး  ပြန်လည် ပြုပြင်ရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဘက် ကိုးနဝင်းဓာတုဧစေတီ၊ ရန်ပြေမာန်ပြေဘုရားကြီး၊ အရှေ့ဘက်ကိုးနဝင်းဓာတုဧစေတီ၊ ဗဟိုကိုးနဝင်း ဓာတုဧစေတီ၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီး၊ ရှင်ကလေးစေတီ၊ မဟာဇေယျသိဒ္ဓိ စေတီဘုရားများ သိမ်၊ ရန်အောင်မြင် ဓာတုကိုးနဝင်းစေတီ၊ လက်ဝဲသလုံးတော်စေတီတို့သို့ ရောက်ရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူပြုပြင်ပေးရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ဗဟိုကိုးနဝင်းဓာတုဧစေတီ၊ အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီးနှင့် လက်ဝဲသလုံးတော်စေတီတော်အတွက် အလှူငွေများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။

 

မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စစ်တွေဆိပ်ကမ်း၌ မိုခါသဘာဝဘေး ပြန်လည်ထူထောင်ရေး အတွက် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ သင်္ဘောဖြင့် ထပ်မံရောက်ရှိလာမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)