နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း(ဘားအံ)တွင် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်

နေပြည်တော် ၂၅  ဖေဖော်ဝါရီ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia  Japan  (BAJ) တို့ ပူးပေါင်း၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ) ၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၁)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ် စက်ပြင်သင်တန်း အမှတ်စဉ်(၁၀)နှင့် ဂဟေသင်တန်း အမှတ်စဉ်(၉)တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း (ဘားအံ)ရှိ  သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကျောင်း ကျောင်းအုပ် ဦးစောဝင်းမြင့်က သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ NGO အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ BAJ မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။

 

သင်တန်းများတွင် ဆောက်လုပ်ရေးသင်တန်းသား (၂၀)၊ လျှပ်စစ်သင်တန်းသား (၂၀)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းသား (၃၀)နှင့် ဂဟေသင်တန်းသား (၂၀)  စုစုပေါင်း (၉၀) တို့အား ဖေဖော်ဝါရီ ၁၇ ရက်မှ ဇူလိုင် ၁၇ ရက်အထိ ရက်သတ္တပတ် (၂၀) ကြာ ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်