နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)၌ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

စစ်တွေ သြဂုတ် ၂၀

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)၌  သင်တန်းကျောင်းနှင့် စစ်တွေခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဦးစွာ သင်တန်းကျောင်းကျောင်းအုပ်ကြီး ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး စစ်တွေခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက လူငယ်နှင့် စာပေဖတ်ရှုခြင်းတန်ဖိုး ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သင်တန်းကျောင်း Grade-12 မှ ကျောင်းသူ မအေးအေးငြိမ်းက မဟတ္တမဂန္ဒီအတ္ထုပ္ပတ္တိ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မငြိမ်းမြတ်သူက မာတင်လူသာကင်း ဂျူနီယာအတ္ထုပ္ပတ္တိ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်လှထွန်းက တိုက်စစ်နှင့် ဘဝတိုးတက်အောင်မြင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ချမ်းလဝင်းက စကားပြောတတ်မှ လောကနှင့် အဆင်ပြေ ခေါင်းစဉ်ဖြင့်လည်းကောင်း တစ်ဦးချင်း၏ အမြင်များအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)