နုသော

(၂၁-၅-၂၀၂၂ ရက်နေ့မှအဆက်)

ကိုဆေးရိုးကသာ ရေနွေးဆူလျှင် ဆန်ကို ရေစစ်ပြီးထည့်၊ ထမင်းအိုးပွက်လျှင် ထမင်းရည်ငှဲ့ စသည်ဖြင့် စကားပြောရင်း တစ်ဖက်က လုပ်စရာများကို လျှောက်လုပ်နေရာက စပါးဈေး ၃၅ဝ ဈေး ပေးတော့မည်ဟူသောသတင်းကို ကိုဆေးရိုးက ထမင်းအိုးနှပ်ရင်း ပြောလိုက်လျှင်ကား ကိုပိတ်စမှာ ဟားတိုက်လေတော့သည်။

 “တို့က ငါးရာဈေးလောက်ပေးမှ ရှူသာရှိုက်သာရှိမယ်။ အစိုးရ က ၃၅ဝ ဈေးတင်ပေးတယ်ဆိုတော့ မထူးပါဘူးကွာ” 

“ဟ ၃၅ဝ လည်း နည်းသလားဟ” ကိုဆေးရိုးက လှမ်းအော်လျှင် 

“မထူးပါဘူးကွာ။ ငါးရာဈေး မပေးမယ့်အတူတူ မင်းကိုပဲ ရေနဲ့ပက်တော့မယ် ” 

ကိုဆေးရိုးမှာ ကိုပိတ်စအား ဟန့်တားချိန်ပင်မရ၊ မျက်နှာ တည့်တည့်သို့ ထိုးပစ်သွားသော ကိုပိတ်စ၏ ဆန်ဆေးရည်များကိုသာ လက်ဖြင့်ပွတ်သပ်ပစ်နေရလေ၏။ 

ဆွမ်းအိုးနပ်လောက်သည့်အချိန်တွင် ကိုပိတ်စက နောက်တစ်ခေါက် ရောက်လာပြန်ပြီး  သူငယ်ပြန်နေသည့်အတွက် ကိုဆေးရိုးမှာ စိတ်မရှည်နိုင်တော့ဘဲ ရေတစ်ပုံးကိုဆွဲပြီး ကိုပိတ်စနောက်သို့ ထလိုက် တော့သည်။ တစ်ရွာလုံးမှာ ကိုပိတ်စနှင့် ကိုဆေးရိုး၏ ရယ်မောသံနှင့် ခွေးဟောင်သံများ ဖုံးလွှမ်းသွားလေ၏။ 

ကိုပိတ်စက အိမ်ကြိုအိမ်ကြား ဝင်ပြေး၏။ ကိုဆေးရိုးကလည်း ဝင်လိုက်သည်။ အိုးတွေ၊ ခွက်တွေကို တိုက်လဲ၏။ ကြိုးတန်းနှင့် လည်ပင်းချိတ်မိ၏။ နောက်ဆုံးတွင်ကား ကိုပိတ်စမှာ တဲထဲသို့ ဝင်ပြေး သဖြင့် ကိုဆေးရိုးက အိပ်နေသော ကိုပိတ်စ၏ဇနီးနှင့် ကလေး ငါးယောက်ကို ရေဖြင့်လောင်းပစ်ခဲ့ရာ ကိုပိတ်စတို့လင်မယားမှာ ကလေးတွေ၏ငိုသံကြားမှ အချီအချ ရန်ဖြစ်ကျန်ခဲ့လေတော့၏။ အိမ်သို့ ကိုဆေးရိုး ပြန်ရောက်သောအချိန်တွင် ကြက်ဦးတွန်ပေပြီ။ 

ကြက်ဦးတွန်ချိန်ကျမှ အိပ်ရသည့်အတွက် ကိုဆေးရိုး၏မျက်လုံးများမှာ ကျိန်းစပ်နေကာ အလင်းရောင်ကိုပင် စူးစူးစိုက်၍မကြည့်နိုင်ပေ။ သံဃာဆက် တစ်ကြိမ်ပြတ်သွားပြီးနောက် စောစောကလို သံဃာ တစုတဝေးကြီး မကြွလာတော့ပေ။ ငါးပါး တစ်စု၊ ဆယ်ပါး တစ်စု၊ တစ်ခါတစ်ရံ တစ်ပါးတည်း။ ကိုဆေးရိုးတို့မှာ ရွာတံခါးဝဆီသို့ ခေါင်းတငဲ့ငဲ့စောင်းကြည့်ရင်း လက်ကျန်ဆွမ်းနှင့် မုန့်များကို ငုံ့ကြည့်နေကြရ လေသည်။ 

“ကုန်ပြီထင်ပါတယ် အဖေရယ်၊ ကျုပ်ရေကြည့်လိုက်တာ ၇၃ ပါး ရှိတယ်” 

ချောစိန်က ဆွမ်းတောင်းကိုသိမ်းရန် ဟန်ပြင်ရင်း ပြောလိုက်ရာ “သီတင်းကျွတ်တုန်းကတော့ တစ်ရာ့ငါးပါးတောင်ရှိတာပဲ သမီးရဲ့” ဟု ပြန်ပြောလိုက်သည်တွင် မကျီးဒန်က 
“သီတင်းကျွတ်မှာတော့ ဝါဆိုတဲ့ကိုရင်တွေ ဘာတွေရှိတာကိုးတော့”ဟု ဝင်ထောက်လိုက်ရာက “သိမ်းကြပါစို့ မိန်းကလေးရယ်” ဟု ချောစိန်ကိုတစ်လှည့်ပြောကာ မုန့်ဖက်ထုပ်ဇလုံကြီးကို ခေါင်းပေါ်သို့တင်လျက် အိမ်ဝိုင်းထဲသို့ ဝင်သွားလေ၏။ ချောစိန်ကလည်း ဆွမ်းတောင်းနှင့် ဆွမ်းဇလုံကို သယ်ယူသွားပြန်သဖြင့် ကိုဆေးရိုးမှာ ခွေးခြေများကို သိမ်းဆည်းယူငင်ပြီး အိမ်ထဲသို့ ဝင်လိုက်လာခဲ့သည်။ 

“ကဲ ရေမိုးချိုးကြ။ ဥပုသ်စောင့်ရာက ပြန်လာမှ ထမင်းစားမယ်” 

တဲတံစက်မြိတ်အောက်သို့ ခေါင်းငုံ့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မကျီးဒန်က ဆီးကြိုအမိန့်ပေးလိုက်လေသည်။ 

“ညည်းတို့သားအမိပဲ သွားစောင့်ကြပါအေ။ တလင်းထဲမှာလည်း စပါးပုံကြီးနဲ့ နွားကျွေးဖို့ ဘာဖို့ကလည်း ရှိသေးတယ်။ ငါနေခဲ့မယ်”
 
“တလင်းစောင့်ဖို့နဲ့ နွားစာကျွေးဖို့ကို ဘညိန်းထားပစ်ခဲ့တာပေါ့။ တော့်မှာလည်း အားတုန်းလပ်တုန်းလေး ဥပုသ်စောင့်ရတာ” 

မကျီးဒန်က ကိုဆေးရိုးအတွက် လုံချည်၊ အင်္ကျီထုတ်ပေးရင်းပြောသည်။ သူတို့မှာ ဝါဦးကျတော့လည်း ထွန်ချိန်ယက်ချိန်မို့၊ ဝါတွင်းကျတော့လည်း စိုက်ချိန်မို့ ဥပုသ်မစောင့်နိုင်ကြ။ တစ်နှစ်လုံးတွင် နှစ်သစ် ကူးသင်္ကြန်ကာလများမှာသာ မည်မည်ရရ ဥပုသ်စောင့်နိုင်ကြသည်။ 

သည်မျှ ခဲခဲယဉ်းယဉ်းစောင့်ရသော ဥပုသ်ကိုပင် ကိုဆေးရိုးက တလင်းထဲမှာရှိနေသော စပါးပုံကြီးသံယောဇဉ်ကြောင့် ငြင်းပယ် နေသေး၏။ တလင်းထဲကစပါးများမှာ မိုးမကျမချင်း ပုတ်ထဲကျီထဲ ရောက်ဦးမည်မဟုတ်ပေ။ နွေရာသီတွင် မီးကြောက်ရသောကြောင့် တလင်းထဲမှာပင် ကောက်ရိုးများ၊ ဖျာရိုင် စသည်များဖြင့် အုပ်ဆိုင်းထားကြသည်။ 

အုပ်ဆိုင်းထားသည်ဆိုပေသည့် လုံလုံခြုံခြုံ မဟုတ်ရကား လူထက်နွားလွတ်တွေဝင်စားမှာကို စိုးရိမ်ခြင်းဖြစ်၏။ ထိုနွားလွတ်တွေမှာ စပါးကိုစားရုံသာမက ချည်တိုင်မှာ ချည်ထားသောနွားတွေ ကိုပါ ဝင်ဝှေ့မှာ စိုးရိမ်ရသည်။ စိုးရိမ်စရာ၊ ကြောင့်ကြစရာတွေကိုချည်း တွေးနေလျှင်ကား ကောင်းမှုကုသိုလ်ကို လုပ်ရတော့မည် မဟုတ်ပေ။ 

လယ်ကိစ္စတွေ မပြီးမပြတ်သေးသော ဝါကျွတ်ချိန်မှာပင် သီတင်းသီလကို စောင့်ထိန်းနိုင်သေးလျှင် လုပ်စရာဟူ၍ နွားကျွေးဖို့နှင့် တလင်းစောင့်ဖို့မှတစ်ပါး ဘာမျှမရှိတော့သောနှစ်ဦးတွင် ပို၍သီလ ယူနိုင်ရမည်မဟုတ်လား။ 

ကိုဆေးရိုးမှာ ကျောင်းသို့ရောက်၍ သီလမယူမီကာလအထိကား တလင်းထဲမှာသာ စိတ်က စောနေခဲ့၏။ သို့ရာတွင် “ကဲ ကန်တော့ကြရ အောင်ဗျို့” ဟူသောအသံ ထွက်ပေါ်လာသည့်အချိန်မှစ၍ သီလခံ ယူနေသောအချိန်တစ်လျှောက်လုံး ဝိတက်ဝိစာရများကို ရှင်းလင်းပစ်ထားနိုင်ချေသည်။ 

“ဒါယကာကြီး၊ ဒါယိကာမကြီးတို့ သီလမခံယူခင် ရတနာသုံးပါးကို ကန်တော့ကြတဲ့အခါမှာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရရပါလို၏လို့ ဆုတောင်းကြတယ်မဟုတ်လား” 

သီလခံယူပြီး၍ သီလယူသူအသီးသီး ဝတ်ဖြည့်ရင်း နေရာပြင်ထိုင်နေကြစဉ် သီလပေးသော ဆရာတော်၏ အသံထွက်ပေါ်လာခြင်း ဖြစ်သည်။ 

“မဂ်တရား ဖိုလ်တရားဆိုတာဟာ တခြားမှာမရှိဘဲ ဒကာကြီးတို့ ကိုယ်တွင်းမှာပဲရှိတာပဲ။ လူတိုင်း နှုတ်တက်ရထားတဲ့ ၃၂ ကောဌာသကို သေသေချာချာ ရွတ်ဖတ်ပွားများကြရင် ဘဝတဏှာ ကင်းပြတ်နိုင် သလို ကိုယ်ခန္ဓာရဲ့ ဖြစ်ခြင်းပျက်ခြင်းကို ပွားများနိုင်လို့ ဘဝင်ကျရင် မဂ်ဆိုက်တာပဲ” 

ကိုဆေးရိုးသည် ငြိမ်သက်နေသော လူအုပ်ကြီးကိုကျော်၍ ဆရာတော်ကို လှမ်းကြည့်လိုက်သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းဟူသည်ကို ကြားဖူးသော်လည်း ဘဝင်ကျအောင်ပွားများရမည်ဆိုသည်မှာ ဘယ်လိုနည်း။ ကိုဆေးရိုးမှာ နားမလည်တိုင်း ဆရာတော်ကိုသာ မော့မျှော်ကြည့်နေမိခြင်းဖြစ်၏။ 

“အဲဒီလို တစ်မဂ်တစ်ဖိုလ်ကို မရမီကြားမှာ အကုသိုလ်ကင်းအောင် နေကြရမယ်။ တစ်မဂ်တစ်ဖိုလ်ကိုလည်းမရ၊ အကုသိုလ်ကိုလည်း ကင်းအောင် မနေနိုင်ကြရင် လူပြန်ဖြစ်ဖို့ မလွယ်ဘူး။ ကဲ ငါးတစ်ကောင်ကို သေစေလိုတဲ့ စေတနာနဲ့ သတ်မိလိုက်တယ် ဆိုပါတော့။ အဲဒါကို ပါဏာတိပါတကံလို့ ခေါ်တယ်။ အဲဒီကံကိုကျူးလွန်မိသူတိုင်းဟာ ငရဲမှာ နှစ်ပေါင်းများစွာခံရတယ်။ ငရဲသက်ဟာ လူသက်ထက် ရှည်တယ်။ ငရဲပြည်မှာ တစ်ရက်ဟာ လူ့ပြည်က တစ်နှစ်၊ နှစ်နှစ်ဆိုတာ ထက်မက ရှည်ကြာတယ်” 

ကိုဆေးရိုးမှာ ခါးကို မတ်ပစ်လိုက်မိ၏။ ငရဲသံကြား၍ လန့်ခြင်းကားမဟုတ်။ စိတ်နှလုံးစင်ကြယ်နေဆဲ၌ အကြောင်းဆိုက်လာသော ပါဏာတိပါတကံက ဖြတ်သွားခြင်းသာဖြစ်၏။ ဆင်းရဲသားဆိုတော့ လည်း ဟင်းစားတစ်နပ်စားရလည်း မနည်းပေ။ လယ်ထဲတွင်တွေ့သော ငါးကလေးတွေကို ဖမ်းယူခဲ့မိသည်။ ဒူလာကောင်းသည်ဆိုသောကြောင့် လင်းမြွေကိုတွေ့လျှင် သတ်ပြီး မီးမြှိုက်ကာ အိမ်သို့ယူလာခဲ့မိ၏။ သွားရင်းလာရင်း တောကြောင်များကိုတွေ့လျှင် ဟင်းလျာအတွက် အဖော်စုပြီး အောက်ကခွေးနှင့် လိုက်သူလိုက်၊ ကြောင်ပြေးလမ်းတွင် ပိုက်ချသူကချ၊ သစ်ပင်ပေါ်တက်ကာ ကြောင်ကို ရိုက်ချသူကရိုက်ချ ဖြင့် ဟင်းတစ်နပ်စာ၊ နှစ်နပ်စာအတွက် လုပ်ခဲ့ဖူး၏။ 

“ဪ အသက်ချင်း ကိုယ်ချင်းစာသင့်ပါကလား” 

ကိုဆေးရိုးမှာ ရင်တွင်းက မြည်တမ်းရင်း မကျီးဒန်ကို လှည့်ကြည့်ရာ မကျီးဒန်က “ပြန်ရအောင်” ဟုဆိုသဖြင့် ဆရာတော်ကို ဝပ်ချပြီး ထလာခဲ့လေ၏။ 

ကျောင်းဝိုင်းပြင်ဘက်သို့ ရောက်လျှင် လင်းကွင်းသံတညံညံ၊ သံချပ်သံတညံညံဖြင့် ဖြတ်သွားသော ရေပက်ခံကားတစ်စီးကို လှမ်းမြင်လိုက်ရသည်။ ဟေးခနဲ ဟေးခနဲ ညာသံပေးကာ ဝိုင်းပက်သော ကျောင်းသားများ၏ကိုယ်မှာလည်း ရေများဖြင့် ရွှဲစိုနေ၏။ 

“ကလေးတွေဆိုတော့လည်း သင်္ကြန်ကို ဘယ်တော့မှ မတက် စေချင်အောင် ပျော်ကြတာပဲနော်” 

မကျီးဒန်က နောက်မှကပ်လိုက်လာရင်း ပြောလိုက်သည်တွင် “အေးပေါ့ဟာ ကလေးတွေတင်လား၊ လူကြီးတွေလည်း ပျော်ကြတာပဲ။ ပုထုဇဉ်ဆိုတော့လည်း ဒုက္ခကို ဒုက္ခဘယ်မြင်ကြမလဲ” ဟု ပြန်ပြောကာ လက်ကို ပါးစပ်ဆီသို့ မြှောက်ရွယ်လိုက်လေ၏။ 

သို့ရာတွင် ကိုဆေးရိုး၏လက်မှာ လေထဲတွင် တန့်ရပ်သွားချေ သည်။ အဘယ်ကြောင့်ဆိုသော် စကားပြောနေသည့်ကြားက ပါးစောင်တွင် တရွရွလာနားနေသော ယင်ကောင်ကို ပုတ်ချရန် လက်က ရွယ်လိုက်ခြင်းဖြစ်၏။ သို့ရာတွင် “ငါ့မှာ သီလကြီးနဲ့ပါကလား” ဟူသော သတိသမ္ပဇဉ်တရားက ဝင်လာသည့်အတွက် လက်မှာ လမ်းခု လတ်တွင် တုံ့ဆိုင်းသွားရလေ၏။ 

သရက်ချင်၊ လင်းပင်စု၊ ပုရပိုက်တန်း စသောရွာများမှ ကာလသားသူငယ်များသည်ကား လမ်းဘေးတွင် စဉ့်အိုးကြီးတွေချလျက် လာသမျှ လူသူ၊ မြင်းလှည်း၊ ကား စသည်တို့ကို ရေဖြင့် ဆီးကြိုကြ လေသည်။ ရမ်းဘိုကုန်းရွာမရောက်မီ ခုတင်ကြီးစု ရွာပျက်ကုန်းတည်ရာ မန်ကျည်းပင်အုပ်ကြီးအစပ်သို့ ကိုဆေးရိုးတို့ သားအမိ သားအဖသုံးယောက် ရောက်လာသောအခါတွင် မန်ကျည်းတောထဲမှ ညာသံပေးသံများ ထွက်ပေါ်လာလေ၏။ 

တစ်ဆက်တည်းပင် ခွေးသံများ ထွက်ပေါ်လာကာ စကားပြောသံများ ထွက်ပေါ်လာ၏။ 
“အခါကြီးရက်ကြီးများ သူတို့မို့ သူများအသက်ကို သတ်ချင်၊ ကြောင်လိုက်ချင်ရတယ်တော်” 
မကျီးဒန်က မန်ကျည်းပင် ညိုညိုကြီးများကို လှမ်းမျှော်ကြည့်ရင်း ညည်းတွားလိုက်သည်တွင် “မြောက်စုရွာက ကယ်ပါတေပါဟာ။ သူတို့လည်း အန္ဓပုထုဇဉ်တွေပဲမဟုတ်လား၊ ဟာ နင့်အမေကလွှား” 

ကိုဆေးရိုး၏စကားမဆုံးမီ  ချုံပုတ်ကလေးတစ်ခုဘေးတွင် ထောင်ထားသော ပိုက်ကို လွှားခနဲခုန်ကျော်လျက် တစ်တောင် ကျော်ကျော် ရှည်လျားသော တောကြောင်ကြီးတစ်ကောင်က ကိုဆေးရိုး ရှေ့သို့ ကျရောက်လာသဖြင့် ကိုဆေးရိုးမှာ လှမ်းကန်ရင်း စကားပြတ် သွားရာက ကြောင်ကြီး ဝင်ရောက်ပျောက်ကွယ်သွားရာ ကလိမ်ဆူးချုံကြီးသို့ လည်ဆန့်ငေးမောကြည့်ရင်း ရေရွတ်လိုက်လေ၏။ 

“ဝလိုက်တဲ့ တောကြောင်ကြီး။ ဖီးလို့ဟ။ မီးမြှိုက်ပြီး ဆီပြန် ချက်စားလိုက်ရရင် ရွှီး” 
ကိုဆေးရိုးမှာ ကျလာသောသွားရည်စကို ရှုံ့၍သိမ်းရင်းဖြင့် အားရ ပါးရအော်လိုက်ပြီးမှ ကွက်ခနဲ မျက်နှာပျက်သွားကာ မကျီးဒန်ကို ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် လှည့်ကြည့်မိရှာလေသတည်း။  ။