နတ်တလင်းမြို့နယ်၌ တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံသို့ တစ်ရက်လျှင် (၄၀) လီတာအိုး(၁၅၀) အိုးအထက်ရရှိမည့် အောက်ဆီဂျင်စက်ရောက်ရှိ

နတ်တလင်း စက်တင်ဘာ ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီများ ပူးပေါင်း၍  အောက်ဆီဂျင်စက်ရုံတည်ဆောက်နေသည့် အဆောက်အဦးအတွင်းကို ယနေ့နံနက်ပိုင်းက တစ်ရက်လျှင် (၄၀) လီတာအိုး(၁၅၀) အိုးအထက်ရရှိမည့် အောက်ဆီဂျင်စက်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်စက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေး ပို့ခဲ့ခြင်း ဖြစ်ပြီး၊  အောက်ဆီဂျင်စက်သည် တစ်နာရီလျှင်(၄၀) လီတာအိုး(၁၀)အိုး ရရှိပြီး တစ်ရက်လျှင် (၄၀)လီတာအိုး(၁၅၀) အိုးအထက်ရရှိမည်ဖြစ်ပြီး၊ ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များ လာရောက်တပ်ဆင်ပြီးပါက အမြန်ဆုံးဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောက်ဆီဂျင် စက်ရုံအဆောက်အဦကို မြို့နယ်စေတနာရှင်ပြည်သူများ လှူဒါန်းငွေဖြင့် အလျားပေ ၃၀၊ အနံပေ ၆၀၊ အမြင့် ၁၃ပေခန့် (Steel Structure) အမျိုအစား တည်ဆောက်လျက်ရှိရာ ယနေ့ထိ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အောက်ဆီဂျင်စက် တပ်ဆင်ပြီးစီးပါက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများ၊ ပြည်သူ့ဆေးရုံနှင့် အခြားနာမကျန်း လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေချောမွေ့စွာ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်းနှင့် အခြားအနီးဝန်းကျင်မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေး သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

ဝေယံဖြိုး(ပြန်/ဆက်)