နတ်တလင်းမြို့နယ်  တာပွန်မြို့ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများအား လိုက်လံစစ်ဆေး

နတ်တလင်း  ၂၈   ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး သယာဝတီခရိုင် နတ်တလင်းမြို့နယ်၏ မြို့နယ်ခွဲဖြစ်သော တာပွန်မြို့ရှိ ရပ်ကွက် သုံးခုတွင် ဆောင်ရွက်ထားသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေ ထွေရွေးကောက်ပွဲ ကျင်းပရေး ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးခွင့်ရှိသူအမည်စာရင်းများ ကြေညာထားမှုကို နတ်တလင်း မြို့နယ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက သွားရောက် စစ်ဆေးကြသည်။

 

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ်က မဲစာရင်းအမည်များ မှန်ကန်ရေး လာရောက် ကြည့်ရှုသူများ၏ မေးမြန်းမှုများကို ရှင်းပြရေး၊ ရုံးဖွင့်ချိန်ကို မှန်ကန်စွာ ဖွင့်လှစ်ပြသရေးတို့ကို မှာကြားသည်။

 

ထို့နောက် တာပွန်မြို့တွင် မဲပေးရမည့် လူဦးရေ အမည်စာရင်းများ ကပ်ထားသော ရပ်ကွက်သုံးခုရှိ ရပ်ကွက်ကော်မရှင်ရုံးများကို လိုက်လံစစ်ဆေးကြည့်ရှုကြကြောင်း သိရသည်။

 

ဝင်းမြင့်(နတ်တလင်း)