နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

နတ်မောက် ၊   ၁၈   ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီ ခန့်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းခြင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်၊ ဦးစီးအရာရှိ ဒေါ်ခင်သူဇာမြင့်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူလွင်နှင့်   ဝန်ထမ်းများက နတ်မောက်မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Surgical   Mask အခု ၅၀၀၀၊ လက်သန့်ဆေးရည် 500 Ml ဘူး ၁၅၀၊ လက်အိတ် အခု ၁၀၀၀၊ PPE ဝတ်စုံ ၁၀၀ တို့အား ပေးအပ်လှူဒါန်းခဲ့ရာ နတ်မောက်မြို့နယ် မြို့နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ ရဲလင်းကျော်နှင့် ဆရာမများက လက်ခံရရှိပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မူမူစန်း (နတ်မောက်)

 

mdn