နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဖူးစားပြောင်းစိုက်ပျိုးသူများ စျေးကောင်းရရှိ

နတ်မောက် ဧပြီ ၁၉

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-လက္ခပ္ပင်ကျေးရွာရှိ တောင်သူများသည် ဖူးစားပြောင်းစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး  စိုက်ပျိုးသူများ စျေးကောင်းရရှိကြောင်း သိရသည်။

 

ဖူးစားပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန်နှင့် နွေနှင့် ဆောင်းရာသီ စိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်ရရှိစေရန် ရေလုံလောက်စွာသွင်းပေးရပြီး စိုက်ပျိုးပြီး (၂)လအကြာတွင် ဖူးစပြုကာ (၃)လအကြာတွင် ခုတ်၍ရောင်းချရသည်။ လက်ရှိ ဖူးစားပြောင်းစျေးနှုန်းမှာ လက်လီစျေးတစ်ဖူးလျှင် ကျပ် ၂၀၀၊ လက်ကားစျေးတစ်ဖူးလျှင် ကျပ် ၁၈၀ ရောင်းချရသည်။ ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက အထွက်နှုန်းကောင်းမွန်စေသည်။ ဖူးစားပြောင်းများသည် ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ (၃) မျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်။

 

ဖူးစားပြောင်းများစိုက်ပျိုးရာတွင် ကျဲပတ်ခြင်း၊ အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်း စသည့် နည်းအမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် အပင်များ ပိုမိုကြီးထွားသန်မာစေသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မျိုးစေ့တစ်ဘူးလျှင် အဖူး (၁၀၀၀) ခန့်ထွက်ရှိပြီး တစ်ပင်လျှင် (၃)ဖူးအထိဖူးကြောင်း န-လက္ခုပ္ပင် ကျေးရွာနေ ဖူးစားပြောင်း စိုက်ပျိုးရောင်းချသူ ဦးအုန်းလွင်ထံမှ သိရသည်။

 

သင်းသင်းမြတ်

မြို့နယ်(ပြန်/ဆက်)