ညောင်ဦးတွင် ညမထွက်ရအမိန့် မလိုက်နာသူ လူငယ် နှစ်ဦးအား ဖမ်းဆီးအရေးယူ

ညောင်ဦး  ၂၉ ဧပြီ      

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားရှိရာ ဧပြီ ၂၈ ရက်၊ ည ၁၀ နာရီခွဲခန့်က လှည့်ကင်းဆောင်ရွက်နေစဉ် ညောင်ဦး - မြင်းခြံကားလမ်း ရွှေပြည်နန်း သနပ်ခါးခြံအနီး လမ်းမပေါ်တွင် လူငယ်နှစ်ဦးအားတွေ့ရှိ၍ ထုတ်ပြန်ထားသည့် အမိန့်အား လိုက်နာခြင်းပျက်ကွက်သည့်အတွက် တည်ဆဲဉပဒေဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မလိုအပ်ဘဲ ပြည်သူများ အပြင်သွားလာမှုများ မပြုလုပ်စေရန် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ချက်ကို  ပြည်သူများ သိရှိလိုက်နာနိုင်ရေး ကြိုတင်အသိပေး ကြေညာထားကြောင်း သိရသည်။

 

ယမန်နေ့ည ၁၀ နာရီခွဲခန့်က ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်နှင့် တပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ၊ နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပြည်သူများ မလိုအပ်ဘဲ အပြင်သွားမှုများ မရှိစေရန်နှင့် မှုခင်းဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရေး လှည့်ကင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ လှည့်ကင်းဆောင်ရွက်စဉ် ညောင်ဦးမြို့ပေါ်မှ လူငယ်(၂)ဦးအား  ညောင်ဦး - မြင်းခြံကားလမ်း ရွှေပြည်နန်းသနပ်ခါးခြံအနီး လမ်းမပေါ်တွင်တွေ့ရှိ၍ စုံစမ်းစစ်ဆေးမေးမြန်းရာ လုံလောက်သော အကြောင်းပြချက် ပြောဆိုနိုင်ခြင်း မရှိသည်သဖြင့် ညောင်ဦးမြို့နယ်တရားရုံးမှ ထောင်ဒဏ် တစ်လစီ  အပြစ်ပေးအရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။   

 

ရဲဝင်းနိုင် ( ညောင်ဦး )