ညောင်ဦးမြို့နယ်ထွက် ပဲတီစိမ်းများ တစ်တင်း ၄၀၀၀၀ ကျပ် ရောင်းချနေရ

ညောင်ဦး ဇန်နဝါရီ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ပဲတီစိမ်းများပေါ်ချိန် ဆွတ်ခူးရောင်းချခဲ့ရာ တစ်တင်း ၄၀၀၀၀ ကျပ်ဖြင့် ပေါ်ချိန်မှ ပဲတီစိမ်းတုန်းသည်အထိ အဆိုပါဈေးဖြင့် ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဦးမျိုးခိုင်ထံက သိရသည်။

 

ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးခြင်းအား လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးကြဲပက်ခြင်း၊ မိုးကောင်းသောက်ဖြင့် ကြဲပက်စိုက်ပျိုးခြင်းများ စိုက်ပျိုးကြရာ ပဲတီစိမ်းပေါ်ချိန် ပခုက္ကူဈေးကွက်သို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးခြင်းများအား တော်သလင်းလ၊ သီတင်းကျွတ်လတို့တွင် ကြဲပက်စိုက်ပျိုးကြပြီး လျှပ်စစ်မြစ်ရေတင်ဖြင့် အခြားသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ပဲတီစိမ်းပေါ်ချိန် တစ်တင်း ပိဿာ ၂၀ ရှိကြောင်း၊ တစ်တင်း ၄၀၀၀၀ ကျပ်နှင့် အများဆုံးဈေး ၄၁၀၀၀ ကျပ်‌ ရောင်းချရကြောင်း သိရသည်။

 

မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းများအထွက်နှုန်း အင်မတန်ကောင်းကာ မိုးရာသီစိုက်ပျိုးသည့် ပဲတီစိမ်းများ မိုးရွာသွန်းမှုအခြေအနေပေါ် မူတည်ပြီး အထွက်နှုန်းအနည်းအများ ထွက်ရှိကြောင်းနှင့် ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုများခြင်းကြောင့် ပဲတီစိမ်းဈေးနှုန်း ကောင်းသော်လည်း အထွက်နှုန်းနည်းခြင်းကြောင့် တောင်သူများ တွက်ခြေမကိုက်ဖြစ်ရကြောင်း ညောင်ဦးမြို့နယ် တောင်ဘကျေးရွာမှ ဦးတင်ဝင်းက ရှင်းပြသည်။

 

မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းစိုက်တောင်သူများ စိုက်ပျိုးကြဲပက်ပြီးချိန်မှစကာ စိတ်အေးလက်အေးနေလို့ရပြီး မရမှာမပူရကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးတိုင်းမရသည့် နှစ်မရှိကြောင်း လက်ပံခြေပေါ် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် ဦးမင်းညိုက ရှင်းပြသည်။

 

ယခုနှစ်တွင် ပဲတီစိမ်းစတင်ပေါ်ချိန် တစ်တင်း ၄၁၀၀၀ ကျပ်ဈေးမှ ယခုအခါ ၄၀၀၀၀ ကျပ်မှ ၄၁၀၀၀ ကျပ်ဈေးထိ ဝယ်ယူကြပြီး ပခုက္ကူမြို့ ကုန်စည်ဒိုင်ပေါက်ဈေးပေါ် မူတည်၍ ဝယ်ယူရောင်းချကြောင်းလည်း သိရသည်။

 

ကိုထိန်၊KPD