ညောင်ဦးမြို့နယ်ရှိ နေကြာစိုက်ခင်းများ စာကလေးအုပ်နှင့်ကြက်တူရွေးများကျရောက် စားသောက်ခြင်းကြောင့် နေကြာစိုက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရ

ညောင်ဦး  ၁၁ ဇွန် 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် နေကြာစိုက်ပျိုးကြသည့် လက်ပံခြေပေါ် အုပ်စု၊ အထက်ညဉ့်အုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စုရှိ နေကြာစိုက်ကျေးရွာများမှတောင်သူများ နေကြာခင်းများတွင် စာကလေးအုပ်များနှင့်ကြက်တူရွေးများ ဝင်ရောက်စားသောက်မှုများကြောင့် နေကြာပွင့်ခူးဆွတ်ချိန် အစေ့မပါတော့ခြင်းကြောင့်မခူးတော့ပဲ အရှုံးနှင့်ရင်ဆိုင် နေရကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် နေကြာကြဲပက်စိုက်ပျိုးကြစဉ် အချိန်က ဆီနေကြာစပ်မျိုးတစ်ထုပ် ၁၅၀၀၀ကျပ်ပေးဝယ်စိုက်ပျိုးခဲ့ရကြောင်း၊ နေကြာပင်များ အောင်မြင်ဖြစ်ထွန်းစအချိန်တွင် ပေါင်းနှုတ်သမတစ်ဦး တစ်နေကုန် ၃၀၀၀ ကျပ်နှုန်းဖြင့် ပေါင်းသင်ရှင်လင်းခဲ့ရပြီး နေကြာများ စတင်ပွင့်ချိန်ထိ အထွက်နှုန်းကောင်းမည်ဟု တစ်ထစ်ချမျှော်လင့်ထားခဲ့သော်လည်း နေကြာခင်းများ နေကြာစေ့ အဆန်စတင်ထည့်ချိန်မှစတင်ပြီး စာကလေးအုပ်များ စတင်ကျရောက်ခဲ့ကြောင်း၊ စာခြောက်ရုပ်များ ပြုလုပ်ခြောက်လှန့်သော်လည်း မရကြောင်း၊ နေကြာများ တဖြည်းဖြည်းရင့်လာချိန် စာကလေးအုပ်များနှင့်ကြက် တူရွေးများပါ နေကြာခင်းများသို့ နေ့တိုင်းလာရောက်စားသောက် ကြခြင်းများကြောင့် နေကြာခူးဆွတ်ချိန် နေကြာပွင့်ကြီးများ နေကြာစေ့များမပါတော့ပဲ အပွင့်သေးပြီး ငုံနေသည့်(မပွင့်) နေရာပွင့်သေးများသာ အစေ့အနည်းငယ်ပါရှိတော့ကာ ရသလောက် ခူးဆွတ်နေရကြောင်း ကြောင်း သိရသည်။

 

နေကြာများအား တန်ခူးလထဲတွင်စတင်ကြဲပက်စိုက် ပျိုခဲ့ပြီး ရက်ပေါင်း ၈၀ကျော် နေကြာပွင့်မှအစေ့များရင့်ကာခူးဆွတ်ရကြောင်း၊ ယခုနှစ်တွင် နေကြာစိုက်တောင်သူများ နေကြာခင်းများအောင်မြင်ဖြစ်ထွန်းသော်လည်း စာကလေးအုပ်များ မနိုင်ခြင်းကြောင့် နေကြာမျိုးပင်မရနိုင်တော့ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)