ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် နွေပဲတီစိမ်းများဈေးကောင်းရရှိ

ညောင်ဦး ၃၀ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေ အသုံးပြုစိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချချိန် ပဲတီစိမ်းတစ်တင်း ၃၉၀ဝ၀ ကျပ်ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုကျေးရွာ များသည် မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့် ဖေဖော်ဝါရီလမှ စတင်ကာ နွေပဲတီစိမ်းများ စတင်ကြဲပက်စိုက်ပျိုးခဲ့ကြောင်း တစ်လခွဲခန့်အကြာတွင် နွေပဲတီစိမ်းစိုက်ခင်းများ အဖူး၊ အပွင့် စတင်ဖူးပွင့်ပြီး နှစ်လအကြာတွင် နွေပဲတီစိမ်းများ စတင်ဆွတ်ခူးရောင်းချကြကြောင်း သိရသည်။ နွေပဲတီစိမ်းဆွတ်ခူးချိန်တွင် တစ်ဧကစိုက်ခင်းတစ်ခင်း ပဲတီစိမ်းကောက်သူမ တစ်ကြိမ် ဆွတ်ခူးဖို့ အယောက် ၂၀ လိုအပ်ကာ ပီတီစိမ်းကောက်သမတစ်ဦးလျှင် တစ်နေကုန် ၃၀ဝ၀ ကျပ် ပေးရကြောင်း၊ ပဲတီစိမ်းဆွတ်ခူးပြီး တစ်ရက်လောက်နေလှန်းကာ အစေ့ထုတ်ပီး ပခုက္ကူမြို့ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာ မြေအောက်ရေအသုံးပြု နွေပဲတီစိမ်းစိုက်တောင်သူ ဦးနေဝင်းကရှင်းပြသည်။ နွေပဲတီစိမ်းတစ်တင်း ပိဿာချိန် ၁၉ ပိဿာရှိကာ တစ်တင်း ၃၉၀ဝ၀ ကျပ်နှုန်းရောင်းချရခြင်းကြောင့် မနှစ်က ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချရကာ တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်း သိရပြီး နွေပဲတီစိမ်းစိုက်တောင်သူများ ဈေးကောင်းရရှိခြင်းကြောင့် အဆင်ပြေနေကြကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံမှ သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း