ညောင်ဦးမြို့နယ် ဗူးဘုရားမြစ်ဆိပ် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းရေး အသက်ကယ်ဝတ်စုံများနှင့် အသက်ကယ်ဘောများ လုံလောက်စွာထားရှိရေး ကွင်းဆင်းအသိပညာပေး

ညောင်ဦး  ၂၄  ဇွန် 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဗူးဘုရားမြစ်ဆိပ်တွင် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ ညောင်ဦးမြို့နယ် မီးသတ်စခန်းတို့ပူပေါင်းကာ ဇွန် ၂၄ ရက် နံနက် ၉ နာရီက စတင်ကာ ခရီးသွားပြည်သူများ အန္တရာယ်ဘေးမှ ကင်းဝေးစေရေး အသိပညာပေးလက်တွေ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် ဗူးဘုရားမြစ်ဆိပ်တွင်ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မိုးရာသီကာလ ရာသီဥတုဖောက်ပြန်မှုများကြောင့်သော် လည်းကောင်း၊ မုန်တိုင်းအန္တရာယ်ကြောင့်သော် လည်းကောင်း၊ စက်ချွတ်ယွင်းမှုကြောင့်သော် လည်းကောင်း၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်ပါက ပြည်သူများ အသက်အန္တရာယ်ဘေးမှ ကင်းဝေးစေရေးအတွက် စက်လှေလုပ်ငန်းရှင်များအသင်းမှ အသင်းသား ၅၀ အား ရေကြောင်းခရီးသွား လုပ်ငန်းများဆောင်ရွက်ကြရာတွင် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အသက်သေဆုံးမှု အန္တရာယ်ကင်းဝေးစေရေးအတွက် အသက်ကယ်ဝတ်စုံ (Life Jacket) ဝတ်ဆင်အသုံးပြုကာ ရေကြောင်းယာဉ်များ မောင်းနှင်စေရေးနှင့် ရေကြောင်းခရီးသွား ပြည်သူများလည်း အသက်ကယ်ဝတ်စုံ ဝတ်ဆင်စေရေး၊ အသက်ကယ်ဘောကွင်းများ အသင့်စီမံထားရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် စက်လှေ  အစင်း ၁၉၀၊  စက်တပ်လှေ အစင်း ၄၀ ခန့်တို့အား အသက်ကယ်ဝတ်စုံ (Life Jacket)များ၊ အသက်ကယ်ဘောကွင်းများ ပြည့်စုံလုံလောက်စွာ စီမံဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ လှည့်လည်စစ်ဆေးဆောင်ရွက်ခဲ့ပြီး အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများအား လက်တွေ့ဝတ်ဆင် ရှင်းလင်းပြသခြင်း၊ ပြည်သူများကိုယ်တိုင် ဝတ်ဆင်စေခြင်းတို့ကို  ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)