ညောင်ဦး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ပုဂံမြိုရှိ စူပါမားကတ်များ၊ စတိုးဆိုင်များနှင့် ဈေးကြီးများအတွင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆိုင်များအား ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်ကာ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးစိုးလွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးတင်မျိုးခိုင်၊ ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေစင်ထိုက်နှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဆေးနှင့် ဆေးပစ္စည်းရောင်းချသော ဆိုင်များအား ဆေးဈေးနှုန်း၊ ဆေးအမျိုးအစား၊ ဆေးအရည်အသွေးမှန် မမှန်၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းလာသော ဆေးနှင့်ဆေးပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဈေးနှုန်းမှန်ကန်စွာဖြင့် ပြည်သူများ ဝယ်ယူ အသုံးပြုနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


