ညောင်ဦး ၂၂ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ မဏိစည်သူဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက မြေပြင် ကွင်းဆင်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများ အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုဆောင်အရာရှိနှင့် အဖွဲ့များသည် ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မဏိစည်သူဈေးအား သတ်မှတ်ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းချက်များအတိုင်း ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့များမှ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဈေး သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် လမ်းများပေါ်တွင် ချခင်းထားသည့် ပစ္စည်းများနှင့် လေဝင်လေထွက် ပိတ်နေသော အမိုးအကာများ ဖြုတ်သိမ်း၍ ပြန်လည်သယ်ယူရာတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေး၊ လုပ်ငန်း ဆောင်ရွက်မည့် လူတစ်ဦးချင်း ကိုယ်အပူချိန် တိုင်းတာစေခြင်း၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်စေခြင်းနှင့် ဌာနအဖွဲ့ဝန်ထမ်းများကိုလည်း လုံခြုံရေးကင်း ချထားရေး စသည့်ဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို အသေးစိတ် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း မဏိစည်သူဈေးတာဝန်ခံ ဦးအောင်ကျော်မြင့်က ပြောပြ၍ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


