ညောင်ဦးခရိုင်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း

နေပြည်တော်  ဧပြီ၃၀

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ လက်ထောက်ဦးစီးမှူး နှင့်အထက် တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယမန်နေ့ ညနေပိုင်းတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများမှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီး က ညောင်ဦးခရိုင်အတွင်း သီးနှံများစိုက်ပျိုးသည့် ဧကနှင့် သီးနှံအမျိုးအစား စာရင်းများအား မိမိတို့သက်ဆိုင်ရာ တာဝန်ကျရာနယ်မြေအထိကွင်းဆင်း၍ မှန်ကန်သောကိန်းဂဏန်း အချက်အလက်များ ရယူဆောင်ရွက်ရန်၊ အလားတူ သီးနှံအထွက်နှုန်းများနှင့် အထွက်ပမာဏများကိုလည်း သီးနှံရိတ်သိမ်းချိန်တွင် သတ်မှတ်စနစ်များအတိုင်း ကွင်းဆင်းစစ်ဆေး ကောက်ယူ၍ မှန်မှန်ကန်ကန်တင်ပြရန် မိမိတို့တာဝန်ရှိသူများကလည်း လုပ်ငန်းအဖွဲ့များဖြင့် ရှောင်တခင်စစ်ဆေးမည်ဖြစ်ပြီး စာရင်းဇယားများ လိမ်လည်တင်ပြပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ စည်းကမ်းစနစ်ကျနစွာ နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် အထက်အရာရှိဖြစ်သူ၏ မျက်ကွယ်မျက်မှောက်မရှိ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန် အလေးထားမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် တက်ရောက်လာကြသော ဝန်ထမ်းများကို ရင်းနှီးစွာ နှုတ်ဆက်၍ ဝန်ထမ်းများ ပြန်လည်တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ကျောက်ပန်းတောင်းမြို့မှ()မိုင် အကွာရှိ ကျွန်းခင်းကြီးရေလှောင်တမံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကာ လုပ်ငန်းစတင်လုပ်ဆောင်နေမှုများကို စစ်ဆေးကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)