ညောင်တုန်း၌ ပညာရေးငွေစုငွေချေးအသင်းနှစ်ပတ်လည် အစည်းအဝေးတွင် အမြတ်ငွေများနှင့်ပညာသင်ထောက်ပံ့ကြေးများပေးအပ်

ညောင်တုန်း ၃၀ ဇွန် 

 

ညောင်တုန်းမြို့နယ် ပညာရေး ငွေစုငွေချေး သမဝါယမအသင်း၏၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာလုပ်ငန်းနှင့် သင်းလုံးကျွတ်အစည်းအဝေးကို ဇွန် ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး အသင်းသား(၇၀ဝ)ဦးခန့် တက်ရောက်သည်။

 

ရှေးဦးစွာ အသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးယဉ်ထွေးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်က အသင်း၏ တိုးတက်အောင်မြင်မှုများကို အကျဉ်းချုပ်ပြောကြားသည်။ ဆက်လက်၍ မြို့နယ်မဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မာအေးက အသင်းသားများ ငွေစုငွေချေးလုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက်စာရင်းစစ်အဖွဲခေါင်းဆောင် ဦးတင်ဝင်းအေးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းသည်။ ဆက်လက်၍ အသင်းအတွင်းရေးမှူးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့်အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် သဘာပတိထံမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ငွေစာရင်းရှင်းတမ်းအား အတည်ပြုချက်ရယူသည်။ ထို့နောက် စုဆောင်းငွေ အများဆုံးဆုရ ဦးအောင်နိုင်ဦးဒုတိယဆု ဒေါ်ယဉ်ယဉ်နွယ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေလက်ဆောင်များပေးအပ်ချီးမြှင့်သည်။ 

 

ထို့နောက်အသင်းသား ဦးရေ (၁၇၇၀) ကျော်အား အစုပေါ်အမြတ်ငွေကျပ် သိန်းပေါင်း (၅၀ဝ) ကျော်အား အသင်းသားများလက်ဝယ်သို့ ခွဲဝေထုတ်ပေးသည်။ ထို့ပြင် ပညာရေး ငွေစုငွေချေးအသင်းဝင်များ၏ သားသမီးများအား၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးနှင့် အသင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက ပညာသင်ထောက်ပံ့ငွေကြေးများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ထွန်းကျော်(ညောင်တုန်း)