ညောင်တုန်းမြို့၌ နေအိမ်မှ ပြင်ပသို့ထွက်ခွာရာတွင် နှာခေါင်းစည်းမတပ်ဆင်သူများအား အရေးယူလျက်ရှိ

ညောင်တုန်း ၃၁ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်မှ ပြင်ပသို့ထွက်ခွာသူများ နှာခေါင်းစည်း (Mask) မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် အရေးယူဆောင်ရွက်ခြင်းကို ဩဂုတ် ၃၀ ရက်မှစတင်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးနှင့် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ လမ်းမတော်လမ်းမကြီး၊ ဗိုလ်ချုပ်လမ်း၊ အာဇာနည်လမ်း၊ မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး၊ လမ်းဆုံနေရာများနှင့် လမ်းမတစ်လျှောက် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်း (Mask) သုံးခုလျှင် ၃၀ဝ၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ဝယ်ယူစေပြီး နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင် ဆောင်ရွက်ပေးခဲ့သည်။

 

ညောင်တုန်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရမည် ဆိုပါက ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များကို တပ်ဆင်ကြရမည်ဖြစ်ပြီး မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့မှ ဩဂုတ် ၃၀ ရက်မှ စတင်၍  နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို သုံးခုလျှင် ၃၀ဝ၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြို့ပေါ်နှင့် ကျေးရွာအတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ဩဂုတ် ၂၆ ရက်မှ ဩဂုတ် ၂၉ ရက်အထိ အသိပညာပေးနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)