ညောင်တုန်းမြို့၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ၊ စာပေကို မြတ်နိုးတတ်စေရန်နှင့် စာပေဝါသနာရှင်များ အပြန်အလှန်နှီးနှော ဖလှယ်ဆွေးနွေးခြင်းဖြင့် ချစ်ခင်ရင်နှီးမှုပိုမိုရရှိစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ် စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့နှင့် စာပေဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများ ပါဝင်သည့် "စာဆိုကျေးဇူး" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) နာယက ဆရာဦးစိုးကြည်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က “စာဆိုကျေးဇူး” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် စာဖတ်ဝိုင်းကို "စာဆိုကျေးဇူး" ခေါင်းစဉ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမြင့်၊ အဖွဲ့ဝင်များဖြစ်သော ဦးချစ်စိုး၊ ဦးဟန်သောင်း၊ မြို့နယ်စာရေးဆရာအသင်းမှ ကိုရွှေသံ(မြန်မာစာ) တို့က ဗဟုသုတရရှိစေမည့် မှတ်သားဖွယ် အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၊ မြို့နယ်စာရေးဆရာအသင်း၊ စာပေဝါသနာရှင်များနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၆၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)