ကျောက်ထု ၉ သြဂုတ်
ယောနယ်ဖြစ်သည့် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ညောင်ရမ်းခေတ်က ဖောက်လုပ်ထားသည့် ယောမြောင်းသည် ဒေသနေပြည်သူများ၏ လယ်ယာမြေ မိုးစပါး ဧက ၄၄၀ဝ ကျော် စိုက်ပျိုးနိုင်ရေး အတွက် ယနေ့ထိတိုင် အကျိုးပြုလျက်ရှိကြောင်း ကျောက်ထုမြို့ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့် ပြောပြချက်အရ သိရသည်။
ယောဒေသအား လယ်ယာစိုက်ပျိုးရေးကို ခေတ်မီစေခဲ့သည့် အဆိုပါ ယောမြောင်းကြီးကို ညောင်ရန်းခေတ် ပြည်မင်းလက်ထက် ယောမြို့စား စော်ဘွား မင်းကျော်သူကဦးဆောင်ကာ ကောဇာသက္ကရာဇ် ၁၀၃၂ ခုနှစ်တွင် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ ယောမြောင်းကြီးအား ဒေသရှိ စီမံခန့်ခွဲမှု ကော်မတီအဆင့်ဆင့်သည် ယော မြောင်းကြီးရေရှည် ကောင်းမွန်ရေး ဆောင်ရွက်လျှက်ရှိသည့်အပြင် အဆိုပါမြောင်းရေကို လယ်မြေများသို့ လွယ်လင့်တကူ ရောက်ရှိနိုင်ရေးလည်း ဆောင်ရွက်လျှက်ရှိကြရာ ညောင်ရန်းခေတ်ကဖောက်လုပ်ခဲ့သည့် သမိုင်းဝင် ယောမြောင်းကြီးသည် ယနေ့တိုင် ယောဒေသ၏ လယ်ယာ စိုက်ပျိုးရေးအတွက် အကျိုးပြုနေဆဲဖြစ်သည်။
အဆိုပါ ယောမြောင်းကြီးကို တောင့်တက်ရွာအနီးတွင် စတင်ဖောက်လုပ်ခဲ့ကာ ချေ ချောင်းမှ ရေကိုသွယ်ယူ၍ အလျှား ၁၀ မိုင်ခန့် ၊ အကျယ် ၁၀ ပေခန့်ရှိ ရေသွယ်မြောင်းဖြစ်ရာ ကျေးရွာ ၁၇ ရွာနေ ပြည်သူများအတွက် မိုးစပါးလယ်မြေဧက ၄၄၀ဝ ကျော်ကို စိုက်ပျိုးရေနှင့် အောင်ရေပေးနိုင်လျှက်ရှိပြီး ယောဒေသရှိ တောင်သူလယ်သမားများအား အကျိုးပြုလျှက်ရှိနေ ကြောင်း သိရှိရသည်။
စိန်ကျော်


