ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံတွင် တရုတ်နိုင်ငံသူတစ်ဦးအား စောင့်ကြည့်လူနာအဖြစ် ကုသလျက်ရှိ

ညောင်ရွှေ  ၂၇  ဇန်နဝါရီ 

ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံသူ တစ်ဦးသည် ယမန်နေ့ ညနေ ၆ နာရီခွဲခန့်မှစ၍ ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံတွင် ဝမ်းလျှောနှင့် အဖျားရောဂါဖြင့် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ အမျိုးသမီးသည် ဇန်နဝါရီ ၂၂ ရက်က ပေကျင်းမြို့မှ ကူမင်းမြို့သို့ သွားရောက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၃ ရက်တွင် ၎င်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်တွင် အင်းလေးဒေသ ညောင်ရွှေမြို့သို့ ရောက်ရှိ တည်းခိုခဲ့ကြောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းမှာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် ဝမ်းပျက်ဝမ်းလျှောနှင့် ဖျားနာမှုဖြစ်ပွားသဖြင့် ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါလူနာမှာ တရုတ်နိုင်ငံသူတစ်ဦးဖြစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် ဖျားနားမှုဖြစ်ပွားနေခြင်း တို့ကြောင့် မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် စောင့်ကြည့်လူနာ (Under Observation) အဖြစ် ထားရှိကုသလျက်ရှိကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ၎င်းမှာ အဖျားကျသွားပြီး ဝမ်းလျှောခြင်း မရှိဘဲ ကျန်းမာရေး ပိုမိုကောင်းမွန်လာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရကြောင်း၊  ဆက်လက်ပြီး အထွေထွေစမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းအခြေအနေအား အများပြည်သူ စိုးရိမ်ပူပန်မှု မရှိစေရန်အတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်