ညာခံစစ်ကစားသမား ထရစ်ပီယာကိုခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်လိုက်သည့် နယူးကာဆယ်အသင်း

ပရီမီယာလိဂ်ကလပ် နယူးကာဆယ်အသင်းသည် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းမှ အင်္ဂလန် ညာခံစစ်ကစားသမား ထရစ်ပီယာကို ခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်လိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ အပြောင်းအရွှေ့ဖြစ်မြောက်လာပါက ထရစ်ယာသည် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် နည်းပြ ဟိုဝီ ပထမဆုံးခေါ်ယူသည့် ကစားသမားဖြစ်လာမည်ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် ထရစ်ပီယာသည် ၂၀၁၉ ခုနှစ်တွင် စပါးအသင်းမှ ပေါင်သန်း ၂၀ ဖြင့် အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၈၃ ပွဲ ပါဝင်ကစားထားသည်။ နယူးကာဆယ်အသင်းနည်းပြ ဟိုဝီသည် ၎င်း ဘန်လေအသင်းတွင် နည်းပြခဲ့စဉ် ၂၀၁၂ ခုနှစ်က ထရစ်ပီယာကို မန်စီးတီးအသင်းမှ အငှားခေါ်ယူကာ လက်တွဲအလုပ်လုပ်ဖူးသည်။

ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ထရစ်ပီယာကို မန်ယူ၊ အာဆင်နယ်အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားခဲ့သော်လည်း အက်သလက်တီကိုမက်ဒရစ်အသင်းက သတ်မှတ်ထားသော ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းကို ပေးချေလိုခြင်းမရှိသောကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့သည်။

အင်္ဂလန်အသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားပေးထားသော ထရစ်ပီယာသည် ပြီးခဲ့သည့်နွေရာသီတွင် အင်္ဂလန်အသင်း ယူရို ၂၀၂၀ ဗိုလ်လုပွဲသို့ ရောက်ရှိအောင် ကူညီပေးထားသည်။ ထို့အပြင် ထရစ်ပီယာ သည် ယမန်နှစ်က အက်သလက်တီကိုမက်ဒရစ်အသင်း လာလီဂါအမှတ်ပေးဖလားရရှိအောင်လည်း ကူညီပေးထားနိုင်သူ ဖြစ်သည်။

နယူးကာဆယ်အသင်းသည် ပရီမီယာလိဂ် ၁၉ ပွဲတွင် တစ်ပွဲသာ နိုင်ပွဲရရှိထားပြီး ရှစ်ပွဲသရေကျကာ ၁ဝ ပွဲအထိ ရှုံးနိမ့်ထားသည့်အတွက် ရမှတ် ၁၁ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ရပ်တည်နေသည့်အသင်း ဖြစ်သည်။ ထို့အပြင် နယူးကာဆယ်အသင်းသည် အဆိုပါ ၁၉ ပွဲတွင် ပေးဂိုးက ၄၂ ဂိုးအထိ ရှိနေသည့် အတွက် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် ခံစစ်အဆိုးရွားဆုံးအသင်းအဖြစ် ရှိနေခြင်းလည်းဖြစ်သည်။

နယူးကာဆယ်အသင်းသည် ဇန်နဝါရီ ၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်ကို အသင်းကစားသမားများ ကိုဗစ်-၁၉ ကူးစက်မှုနှင့် ဒဏ်ရာရရှိမှုများရှိနေသည့်အတွက် ရွှေ့ဆိုင်း ထားသည်။

အောင်ဇော်