နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်ပွဲတော် အထိမ်းအမှတ် စာပေဟောပြောပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

မန္တလေး ၂၆ ဇန်နဝါရီ 

နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်ပွဲတော်အထိမ်းအမှတ် စာပေဟောပြောပွဲ ဒုတိယနေ့ကို ယမန်နေ့ ည ၇ နာရီခွဲက နန်းတော်ရှေ့အားကစားကွင်းတွင် ဆက်လက်ကျင်းပသည်။

 

118

 

စာပေဟောပြောပွဲတွင် စာရေးဆရာ ချစ်ဦးညိုက “လွမ်းဓလေ့-နန်းရှေ့နှင့် ကျွန်တော်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးဘုန်း(ဓာတု)က “နန်းတော်ရှေ့ရွာသူလေး သပြေညို” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြသည်။

 

147

 

ဟောပြောပွဲအခမ်းအနားတွင် စာရေးဆရာချစ်ဦးညို၏ ညီမဖြစ်သူ ဇာတ်မင်းသမီး ဒေါ်ငြိမ်းငြိမ်း (ခ) ဒေါင်းမလေးက နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ စာကြည့်သင်းသို့ စာအုပ်များပေးအပ်လှူဒါန်းရာ စာကြည့်သင်းဥက္ကဋ္ဌ ဦးငြိမ်းချမ်းဖြူနှင့် ကော်မတီဝင်များက လက်ခံရယူကြပြီး ဒေါ်ငြိမ်းငြိမ်း (ခ) ဒေါင်းမလေးက စာအုပ်များလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သင်းနှင့် ကော်မတီဝင်များက စာကြည့်သင်းအား ကူညီထောက်ပံ့ပေးကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး ဦးဖြူလုံး (ဖြူစင်မေတ္တာသင်္ကန်းတိုက်)မှ စာရေးဆရာချစ်ဦးညိုနှင့် စာရေးဆရာဦးဘုန်း(ဓာတု)တို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

စာပေဟောပြောပွဲသို့ ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သင်းနှင့် ကော်မတီဝင်များ၊ စာရေးဆရာချစ်ဦးညို၊ စာရေးဆရာဦးဘုန်း(ဓာတု)၊ ဇာတ်မင်းသမီး ဒေါ်ငြိမ်းငြိမ်း (ခ) ဒေါင်းမလေး၊ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းဥက္ကဋ္ဌ ဦးငြိမ်းချမ်းဖြူနှင့် စာကြည့်သင်းကော်မတီဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ စုစုပေါင်း ဦးရေ ၁၀၀၀ ကျော်ခန့် တက်ရောက်ကြသည်။

စာပေဟောပြောပွဲ ပထမရက်ကို ဇန်နဝါရီ ၂၄ ရက်ညက ကျင်းပခဲ့ပြီး စာရေးဆရာနေဝင်းမြင့်နှင့် စာရေးဆရာမ ခင်ခင်ထူးတို့က အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)