နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ Digital Learning Management System အား အခမဲ့ ဝင်ရောက်လေ့လာသင်ယူနိုင်

နေပြည်တော် ၁၇ ဒီဇင်ဘာ

Myanmar Digital Education Platform တွင် DTVET Learning Management System စတင်လွှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Myanmar Digital Education Platform တွင် DTVET Learning Management System စတင်လွှင့်တင်မှုနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် Myanmar Digital Education Platform အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဦးတင်မောင်မောင်အေးမှ DTVET Learning Management System ၏ နည်းပညာဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက Myanmar Digital Education Platform တွင် DTVET Learning Management System အား Computer တွင် Click နှိပ်၍ စတင်ဖွင့်လှစ်ပေးသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သင်တန်းဌာနများမှ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များကို Digital Learning Management System စနစ်ဖြင့် Online အသုံးပြု၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ အသုံးပြုဆောင်ရွက်နိုင်ကြစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် TVET ကဏ္ဍအား စိတ်ပါဝင်စားသော အများပြည်သူများမှ Myanmar Digital Education Platform တွင်ရှိသည့် နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ၌ ထည့်သွင်းတည်ဆောက်ထားသည့် DTVET LMS စနစ်သို့ဝင်ရောက်ပြီး မိမိတို့ လေ့လာသိရှိလိုသည့် ပညာရပ်များကို ကိုယ်တိုင်လေ့လာသင်ယူခြင်းဖြင့် သင်ယူတတ်မြောက်နိုင်စေရန် ရည်ရွယ်၍ Myanmar Digital Education Platform တွင် စတင်လွှင့်တင်ခြင်းဖြစ်သည်။

DTVET LMS ၏ ကိုယ်တိုင်လေ့လာသင်ယူခြင်းကဏ္ဍခွဲတွင် အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အထူးပြုဘာသာရပ် (၉)ခုနှင့် Workplace Safety ဆိုင်ရာ Knowledge Sharing ဗွီဒီယိုများ အပါအဝင် စုစုပေါင်းသင်ကြားရေး ဗီဒီယို(၄၁)ခုနှင့် သက်ဆိုင်ရာဗီဒီယိုအလိုက် ဉာဏ်စမ်းမေးခွန်းများ (Quizzes) အား ထည့်သွင်းထားရှိပြီးဖြစ်သည်။

ဦးစီးဌာနအနေဖြင့် သင်တန်းနှစ်အလိုက် ပြဋ္ဌာန်းစာအုပ်များကို ebook အဖြစ် ဆောင်ရွက်ခြင်း၊ သင်ကြားရေးအရင်းအမြစ်များ (Digitalized Course Videos and Assessments) ထည့်သွင်းခြင်း၊ မွမ်းမံသင်တန်းများအတွက် Digitalized TOT Videos and Teaching Materials များ ထည့်သွင်းခြင်းနှင့် လုပ်ငန်းခွင်အကြိုသင်တန်းများအတွက် Digitalized Pre-TOT Videos and Materials များ ထည့်သွင်းခြင်းတို့ကို ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်သည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် သင်တန်းဌာနများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၇၇)ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်