နည်းပညာနှင့် သက်မွေးပညာရေး ထွန်းတောက်ပါမှ နိုင်ငံဖွံ့ဖြိုးမှာ

ဒေါက်တာမောင်သင်း

“ကျောင်းထွက်ပြီးနောက် မည်သည့်အလုပ်အကိုင်ကိုမှ မတတ်၊ မိမိ၏ အသက်မွေးဝမ်းကျောင်းကိုမှ မတတ်သူသည် လူဖြစ်ရကျိုး ရှုံးလှ၏။ ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်တစ်ရပ်သည် အသက်မွေးဝမ်းကျောင်းအတွက် ဖြစ်သင့်သည်။”

ဦးသန့်

တိုင်းပြည်ဖွံ့ဖြိုးရေးတွင် နည်းပညာနှင့် သက်မွေးပညာရေး ကဏ္ဍသည် ထိပ်ဆုံးမှ ပါဝင်နေပေသည်။ သို့သော် မြန်မာ့ပညာရေး ပြောင်းလဲမှုတွင် အဆိုပါပညာရေးကဏ္ဍသည် အမေ့လျော့ခံသဖွယ် ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၄ ခုနှစ်၏ လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူမှုစစ်တမ်းအရ သက်မွေးပညာကျောင်းဆင်း ဦးရေ ၆၀၂၃၀ သာရှိသဖြင့် နိုင်ငံလူဦးရေ၏ သုည ဒသမ ၀၁၃ ရာခိုင်နှုန်းသာ ရှိပါသည်။ 

နည်းပညာနှင့် သက်မွေးပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းမှုနှင့် ဆင်းရဲမှု လျှော့ချရေး၊ LDC နိုင်ငံဘဝမှ လွတ်မြောက်ရေးတို့တွင် အဓိကမဏ္ဍိုင်ဖြစ်သည့် လူလတ်တန်းစားအများအပြားကို ပြုစုပျိုးထောင်ပေးသည့် ပညာရေးဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆင်းရဲသည့်နိုင်ငံမှ ချမ်းသာသည့်နိုင်ငံသို့ တက်လှမ်းရာတွင် “နည်း ပညာနှင့် သက်မွေးပညာရေး” ကို အလေးထားဆောင်ရွက်ပြီး အသေးစားနှင့် အလယ်အလတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်နည်းပညာများနှင့် ကျွမ်းကျင်သူများကို ဖြည့်ဆည်းပေးနေသည့် ပညာရေးဖြစ်ပါသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် နိုင်ငံသားများ၏ ပညာအရည်အသွေး စဉ်ဆက်မပြတ် မြင့်မားနေစေရန် ဆောင်ရွက်ရေးသည် အဓိကကျသည့် အချက်ဖြစ်ပါသည်။ ထိုသို့ ပညာရေးပြုပြင်ပြောင်းလဲရာတွင် ယနေ့နှင့် အနာဂတ်ကလေးများအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရန် သက်သက်မဟုတ်ပါ။ တစ်ချိန်က ကောင်းမွန်သည့် သက်မွေးပညာရေးနှင့် ဆုံတွေ့ခွင့်မရခဲ့ကြသော ယနေ့လူငယ်လူရွယ်၊ လူလတ်များနှင့် လူကြီးများပါ ဆက်လက်သင်ယူနိုင်မည့် ပညာရေးဖြစ်ရန် လိုပါသည်။ 

အသက်အရွယ်အားလုံးအတွက် ဖြစ်ပါသည်။ ယင်းထဲမှ ကျေးလက်နှင့် မြို့ပြအခြေအနေ ကွာခြားမှုကြောင့် ကျေးလက်နေ ပြည်သူတို့အတွက် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စွမ်း ရှိစေရန်၊ စိုက်ပျိုးရေး လယ်ယာသုံးကိရိယာများ၊ လယ်ယာကုန်ချော ထုတ်လုပ်နည်းများနှင့် ဆက်စပ်သောသင်တန်းများကို အစိုးရက လယ်သမားများအတွက် အခမဲ့ (သို့မဟုတ်) ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဖွင့်လှစ်ပေးရန်လည်း လိုအပ်ပါသည်။ ပုဂ္ဂလိကထက် အစိုးရကသာ အခမဲ့စနစ်ဖြင့် နည်းပညာကို ရေရှည်ပံ့ပိုးပေးနိုင်မည်ဖြစ်ပါ သည်။ နည်းပညာကို စဉ်ဆက်မပြတ်ပံ့ပိုးခြင်းက နှစ်စဉ်စိုက်ပျိုးရေး စရိတ်ထုတ်ချေးသည်ထက် ရေရှည်မှာ ပိုမိုထိရောက်ပါသည်။

ကျေးရွာအရောက် သက်မွေးပညာရေး

ကျေးလက်နေ ပြည်သူများအတွက် သက်မွေးပညာရေးသည် ရှိနေ၊ ဖွံ့ဖြိုးနေသင့်ပါသည်။ ထို့နောက် အမြဲတမ်း ဖြည့်ဆည်းပေးနေရမည် ဖြစ်ပါသည်။ နိုင်ငံတကာတွင် သမားရိုးကျ သီးနှံများဖြစ်သော စပါး၊ ဂျုံ၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် လယ်ယာသီးနှံ သက်သက်ကိုသာ စိုက်ပျိုးသည့် သီးနှံစိုက်လယ်သမားများထက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဆေးဖက်ဝင်အပင်များ၊ ပန်းမန်များကို စိုက်ပျိုးသူများသည် ဝင်ငွေ ၁၀ ဆ ပိုမိုရရှိကြောင်းနှင့် နေ့စဉ်ဆောင်ရွက်ရန် အလုပ်သမားများစွာ လိုအပ်သည့်အတွက် အလုပ်လက်မဲ့နှုန်းကိုလည်း လျှော့ချစေနိုင်ကြောင်း သုတေသနများ ပြုလုပ်ပြီးဖြစ်ပါသည်။ 

အထက်ပါအချက်ကို မြန်မာပြည်ရှိ နေရာသုံးနေရာတွင် စာရေးသူ လေ့လာဖူးပါသည်။ ပထမနေရာမှာ ရန်ကုန်မြို့ ပြည်လမ်းတစ်လျှောက်ရှိ ပုတီးကုန်း၊ သဲကုန်းဒေသများ ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံကို ရန်ကုန်မြို့သို့ ကားကြီး၊ ကားငယ်၊ ရထားအသွယ်သွယ်တို့ဖြင့် နေ့စဉ်အချိန်မီတင်ပို့နေခြင်းဖြစ်ပါသည်။ ဒုတိယနေရာမှာ ပြင်ဦးလွင်မြို့နယ်တစ်ဝိုက်တွင် စိုက်ပျိုး၍ မန္တလေးနှင့် အနီးတစ်ဝိုက်သို့ တင်ပို့ခြင်းဖြစ်ပါသည်။ ထို့အတူ မိတ္ထီလာမြို့နယ် တစ်ဝိုက်အနေဖြင့် စပျစ်၊ ဆီးသီးနှင့် နဂါးမောက်သီးများကို စိုက်ပျိုးထုတ်လုပ်သူများသည် သာမန် နှမ်း၊ ငရုတ်၊ ပဲ စိုက်ပျိုးသူများထက် ပိုမိုဝင်ငွေကောင်းသည်။ 

ထို့အတူ မိတ္ထီလာမြို့နယ် အရှေ့ပိုင်းရွာများက ခရမ်းချဉ်နှင့် ကြက်သွန်စိုက်ပျိုးကြကာ ပိုမိုစီးပွားဖြစ်ထွန်းကြောင်း လေ့လာမိပါသည်။ သို့ဖြစ်၍ အကြံပြုလိုသည်မှာ စိုက်ပျိုးရေးဌာနအောက်ရှိ စိုက်ပျိုးရေးအထက်တန်းကျောင်းများ၊ သိပ္ပံကျောင်းများအနေဖြင့် သမားရိုးကျ မိမိတို့ထံ လာရောက်ကျောင်းတက်သော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများကို သင်ပေးရုံဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် မလုံလောက်တော့ပါ။ နိုင်ငံဖွံ့ဖြိုးရေးအတွက် တက္ကသိုလ်ဝင်တန်းအဆင့်အထိ ပညာမသင်ကြားခဲ့ရသော ရေးတတ်၊ ဖတ်တတ် ပုဂ္ဂိုလ်များအတွက် ထိုဒေသနှင့်ကိုက်ညီမည့် အော်ဂဲနစ်စိုက်ပျိုးရေး၊ ဆေးဖက်ဝင်ပင်၊ ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ဝင်ငွေတိုးသည့် ခေတ်မီသီးနှံစိုက်ပျိုးရေး ရက်တိုသင်တန်းကျောင်း (Rural Development Mobile Training School) များ လယ်သမားများရှိရာသို့ ရွေ့လျားသင်တန်းကျောင်း (Mobile Training School) များအဖြစ် သွားရောက်ဖွင့်လှစ်ပေးရန် အထူးလိုအပ်မည်ဟု မြင်မိပါသည်။ 

ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးမှသာ ကျေးလက်လူငယ်များအနေဖြင့် ဝင်ငွေပိုရရန် အခြားနိုင်ငံများသို့ အလုပ်ကြမ်းသမားများအဖြစ် ထွက်ခွာအလုပ်လုပ်သည့် အဖြစ်မျိုးမှ ကင်းဝေးကာ နိုင်ငံ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည့် လူ့စွမ်းအားအရင်းအမြစ် များ ဖြစ်လာပေလိမ့်မည်။ 

ကျေးလက်နေ လူငယ်များကလည်း မိရိုးဖလာလုပ်ငန်းကို ဝင်ငွေတိုးအောင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပိုမိုလေ့လာ သင်ကြားကြရန် လိုအပ်ပါသည်။ မိရိုးဖလာ စိုက်ပျိုးရေးမှသည် နည်းပညာအခြေပြု စိုက်ပျိုးရေးဆီသို့ ပြောင်းလဲနိုင်မှသာ ဝင်ငွေ ပိုတိုးပါမည်။ 

ဥရောပနိုင်ငံများတွင် ဟော်လန်နိုင်ငံသည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး၍ ဥရောပတိုက်တစ်တိုက်လုံးဆီသို့ ဖြန့်ဖြူးရင်း ကြွယ်ဝသည့် နိုင်ငံဖြစ်လာပါသည်။ ခေတ်မီစိုက်ပျိုးရေး နည်းပညာများကို အသုံးပြုသည့် လယ်ယာစီးပွားရေးကို အခြေခံသည့် နိုင်ငံလည်း ဖြစ်ပါသည်။ ဂျပန်သည်လည်း မြေလွတ်မှန်သမျှတွင် အကုန်စိုက်ပျိုးမှုကို အားပေးသည့် စက်မှုဖွံ့ဖြိုးနိုင်ငံဖြစ်ပါသည်။ ထို့အတူ သီးနှံများ ပိုလျှံစွာ ထွက်သည့်အချိန်တွင် ကုန်ချောထုတ်လုပ်နည်းအတွက် (ဥပမာ - ခရမ်းချဉ်သီးယို၊ ဝဥခြောက်၊ သရက်ယို၊ သရက်ဖျော်ရည်ခဲ) သင်တန်းများပါ ကျေးလက်နေလူငယ်များအတွက် ဖွင့်လှစ်ပေးရန် လိုအပ်ပါသည်။ 

ထို့အပြင် ယနေ့ကျေးရွာတိုင်းတွင် ဆိုင်ကယ်၊ ထော်လာဂျီ၊ လယ်ထွန်စက်များဖြင့် လယ်ထွန်ခြင်း၊ ကုန်စည်ပို့ဆောင်ခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါသည်။ ထိုစက်အမျိုးအစား ပြုပြင်နည်း သင်တန်းများကိုလည်း ကျေးလက်နေလူငယ်များအား သင်ကြားပေးရန် လိုအပ်နေပေသည်။ ဤသည်မှာ ကျွန်တော်တို့ ယနေ့ပြောင်းလဲမည့် ပညာရေးသည် မြန်မာ့လူဦးရေ ၇၈ ရာခိုင်နှုန်းဖြစ်သည့် ကျေးလက်နေသူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အခြေခံသည့် သက်မွေးပညာရေး (Rural-based Vocational Education) ဖြစ်ကို ဖြစ်ရပါမည်။ 

နိုင်ငံတော်ပိုင် သက်မွေးပညာသင်ကျောင်းများအနေဖြင့် မိမိကျောင်းကို လာရောက်သင်ယူသူသာ သင်ပေးသည့် ယနေ့လို သက်မွေးပညာရေးအစား လူမှုစီးပွားမြှင့်တင်ရန် လိုအပ်သော ကျေးလက်ဒေသများဆီသို့ မရောက်ရောက်အောင် သွားရောက် သင်ကြားပေးနိုင်သည့် “လိုအပ်ချက်ဖြည့်ဆည်းမှု အခြေပြု သက်မွေး ပညာရေး” ဆီသို့ ပြောင်းလဲရန် အချိန်တန်နေပြီ ဖြစ်ပါသည်။ သင်ယူမည့်သူ မလာနိုင်လျှင် သင်ကြားပေးသူက သင်ယူမည့်သူရှိသော အရပ်ဒေသများသို့ သွားရောက်၍ သင်ကြားပေးရန် လိုအပ်ပေလိမ့်မည်။ တောသူတောင်သားများက မြို့တက်ဈေးမဝယ်နိုင်လျှင် အိမ်အရောက် ပစ္စည်းရောင်းချသည့် “ဈေးကွက်ရှိရာ ရောင်းသူ အရောက်သွား” ပုံစံမျိုး ဖြစ်သင့်ပါသည်။ သို့မှသာ လုပ်အားအခြေခံသည့် စိုက်ပျိုးရေးကြောင့် ဝင်ငွေနည်းသောအဆင့်မှ ခေတ်မီနည်းပညာများကို အခြေခံသည့် စိုက်ပျိုးရေးဖြင့် ဝင်ငွေတိုးသော ကျေးလက်နေ ပြည်သူဘဝဆီသို့ ရောက်ရှိပေလိမ့်မည်။

လူလတ်တန်းစားအလွှာ များပြားရေး (သို့မဟုတ်) ဆင်းရဲမှုလျှော့ချရေး

ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ၏ လက္ခဏာတစ်ရပ်မှာ လူတန်းစားကွာဟမှု နည်းပါးခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လူလတ်တန်းစားများပြားပြီး ဆင်းရဲသူ နည်းပါးရပါမည်။ ထို့အတူ လူချမ်းသာလည်း နည်းပါးပါသည်။ လူလတ်တန်းစားသည် စားဝတ်နေရေးအတွက် လုံလောက်သော ဝင်ငွေရရှိကြပါသည်။ လုံလောက်သော ဝင်ငွေရရှိရန်အတွက် အဓိကအားဖြင့် နည်းပညာ (သို့မဟုတ်) သက်မွေးမှု အတတ်ပညာတစ်ခုခုဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေကြသူများပြားခြင်းပင် ဖြစ်ပါသည်။ မဖွံ့ဖြိုးသောနိုင်ငံများတွင် လူတန်းစား ပုံသဏ္ဌာန်သည် တြိဂံပုံ ဖြစ်ပါသည်။ 

အောက်ခြေတွင် ဆင်းရဲသူ အလွန်များပြားနေခြင်း ဖြစ်ပါသည်။ လူလတ်တန်းစားအလွှာသည်လည်း ဆင်းရဲသူအလွှာထက် အဆမတန် နည်းပါးနေပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူတန်းစားအလွှာပုံသည် စိန်ပုံသဏ္ဌာန်ဖြစ်ပါသည်။ စိန်ပုံသဏ္ဌာန်သည် အောက်ခြေသို့ ကျုံ့ဆင်း၍ အပေါ်တွင်လည်း ချွန်းနေပြီး အလယ်တွင် ကျယ်နေပါသည်။ အလယ်သည် လူလတ်တန်းစားအလွှာကို ဖော်ညွှန်းခြင်း ဖြစ်ပါသည်။ ထိုသို့သော အလယ်အလတ်တန်းစားအလွှာ များပြား၍ စိန်ပုံသဏ္ဌာန် လူတန်းစားအလွှာကို အာရှတိုက်တွင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့် တရုတ်နိုင်ငံ စသည့်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တွေ့မြင်နိုင်ပါသည်။ 

အဆိုပါ နိုင်ငံများတွင် သက်မွေးပညာရေး ဖွံ့ဖြိုးသောနိုင်ငံဖြစ်ကြောင်း လေ့လာမှုများအရ သိရှိရပါသည်။ ကျွန်တော်တို့နိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် TVET (Tertiary Vocational Education Training) ပညာရေး ဖွံ့ဖြိုးမှသာ ဆင်းရဲသူလျော့ကျပြီး နိုင်ငံ၏လူတန်းစားအလွှာသည် စိန်ပုံသဏ္ဌာန် ဖြစ်ထွန်းလာပေမည်။ “လူလတ်တန်းစားအလွှာ များပြားခြင်းသည် ကျေးလက်နှင့် မြို့ပြဆင်းရဲချမ်းသာ ကွာဟမှုနည်းပါးစေခြင်း၊ နိုင်ငံ၏ ရာဇဝတ်ပြစ်မှုများကို လျော့ကျစေခြင်း၊ နိုင်ငံရေး တည်ငြိမ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းလာခြင်း၊ လူကုန်ကူးမှုများ ရာခိုင်နှုန်းနည်းပါးလာခြင်းတို့ကို ဖြစ်ပေါ်စေသဖြင့် TVET ပညာရေးသည် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှုကို ဖြစ်ထွန်းစေသည့် အခြေခံအချက်ဖြစ်ကြောင်း” ကို TVET ပညာရေးဖွံ့ဖြိုးသည့် နိုင်ငံများက သက်သေပြသလျက်ရှိပါသည်။

ပညာရေးအဟောသိကံနှုန်း လျှော့ချရေး

အောင်မြင်နေသော ပညာရေးကို ကျင့်သုံးနေသည့် နိုင်ငံများတွင် တစ်လမ်းသွား ပညာရေးမဟုတ်ပါ။ မတူကွဲပြားသော ပညာရပ်များ (Diversity) ကို အသက်အရွယ်အရ၊ ဝါသနာအရ သင်ယူနိုင်မည့် လမ်းခွဲများ ရှိရပါမည်။ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် ပြီးမြောက်လျှင် “မည်ကဲ့သို့သော သက်မွေးပညာရေးကျောင်းများ တက်ရောက်နိုင်ကြောင်း” ကို အခြေခံပညာ အလယ်တန်းအဆင့် (ယနေ့ Grade 6,7,8,9) နှင့် အထက်တန်းအဆင့် (Grade 10,11,12) တို့တွင် မိတ်ဆက်ထားခြင်းမျိုး ရှိကိုရှိသင့်ပါသည်။

အသက်အရွယ်အလိုက် မိမိလေ့လာ လိုက်စားလိုသော အသက်မွေးဝမ်းကျောင်းပညာရပ်ကို လက်တစ်ကမ်းအကွာတွင် သင်ယူနိုင်သည့် ပညာရေးမျိုး ဖြစ်သင့်ပါသည်။ ယခုအခါတွင် နိုင်ငံတော်အစိုးရအနေဖြင့် ခရိုင်ပေါင်း ၅၀ အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်း ကျောင်းများ တွဲဖက်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းထွက်ပေါ်လာသဖြင့် အထူးပင် ဝမ်းသာမိပါသည်။ သက်မွေးပညာရေးသည် နှစ်စဉ်ကျောင်းထွက်မှုနှုန်း မြင့်မားနေမှုကို လျှော့ချပေးနိုင်ပါသည်။

မြန်မာနိုင်ငံ၏ ယနေ့ကျောင်းထွက်နှုန်းမှာ အလွန်များပြားလှပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၃ - ၇ - ၂၀၂၂ ရက် နေ့က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုသည့်အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် “၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် သူငယ်တန်းသို့ တက်ရောက်ပညာသင်ကြား သူ ၁၁၈၇၃၉၂ ဦးရှိကြောင်း၊ မူလတန်းအဆင့် အောင်မြင်၍ အလယ်တန်းအဆင့် ပဉ္စမတန်းသို့ တက်ရောက်နိုင်သူ ၈၀၈၈၇၈ ဦး ရာခိုင်နှုန်း အားဖြင့် ၆၈ ဒသမ ၁၂ ရာခိုင်နှုန်းသာ အတန်းစဉ် ကူးပြောင်းနိုင်ခဲ့ကြောင်း၊ ၃၁ ဒသမ ၈၈ ရာခိုင်နှုန်းမှာ မူလတန်းအဆင့်တွင် ကျန်နေခဲ့ကြောင်း၊ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့် နဝမတန်းသို့ တက်ရောက်နိုင်ခဲ့သူ ၅၈၅၁၈၂ ဦးရှိသည့်အတွက် စတင်ကျောင်းနေ သူဦးရေ၏ ၄၉ ဒသမ ၂၈ ရာခိုင်နှုန်းရှိပြီး ၅၀ ဒသမ ၇၂ ရာခိုင်နှုန်းမှာ ကျန်နေခဲ့ကြောင်း၊ နဝမတန်းအဆင့်မှ တက္ကသိုလ်ဝင်တန်းသို့ တက်ရောက်နိုင်သူသည် ၂၃၂၁၄၈ ဦးရှိသဖြင့် စတင်ကျောင်းနေသူ ဦးရေ၏ ၁၉ ဒသမ ၅၅ ရာခိုင်နှုန်းသာရှိပြီး ၈၀ ဒသမ ၄၅ ရာခိုင်နှုန်းမှာ ကျန်ခဲ့သည်ကို တွေ့ရှိရကြောင်း” စသည်ဖြင့် မြန်မာနိုင်ငံ၏ ကျောင်းထွက်မှုနှုန်းအား တွက်ပြထားပါသည်။ 

ဆိုလိုသည်မှာ နှစ်စဉ် သူငယ်တန်းမှ ကျောင်းစတက်သူများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အခြေခံပညာရေး ပြီးမြောက်အောင် ကျောင်းမတက်နိုင်ခဲ့ကြပါ။ ဤသည်ကို ပညာရေးအဟောသိကံဖြစ်မှု (Education Dropout) ဟုခေါ်ပါသည်။ အဟောသိကံ ဖြစ်နှုန်းများပြားလျှင် တိုင်းပြည်အတွက် အနုတ်လက္ခဏာဖြစ်ပေသည်။ ထိုနှုန်းကို လျှော့ချရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ TVET ပညာရေး လမ်းကြောင်း အသွယ်သွယ်ကို ဖန်တီးထားကာ ထိုကျောင်းထွက်သွားသည့် ကလေးများအား မိမိကြိုက်နှစ်သက်ရာ နည်းပညာနှင့် သက်မွေးပညာရေးလမ်းကြောင်းအတိုင်း ဆက်လက်သင်ယူနိုင်စေ ရေးဖြစ်ပါသည်။ ဦးသန့်ဆိုခဲ့သလို ပညာသင်ကြားရေးသည် အသက်မွေးဝမ်းကျောင်းဖြစ်ရန် နည်းပညာနှင့် သက်မွေးပညာရေးကို အလေးပေး ဆောင်ရွက်သင့်ပေသည်။

ပညာရေးအဟောသိကံဖြစ်နှုန်းကို ကယ်တင်ရေး

ထိုကျောင်းထွက်သွားသူ ၈၀ ရာခိုင်နှုန်းသည် ပြင်ပတွင် စားပွဲထိုး၊ ဆိုင်အကူ၊ ပန်းကန်ဆေး၊ အမှိုက်လှည်း၊ မိဘများ၏ လယ်ယာလုပ်ငန်းကူ၊ အငှားနွားကျောင်း၊ ဆိတ်ကျောင်း စသည်ဖြင့် ဝင်ရောက်လုပ်ကိုင်ကြပါသည်။ အဆိုးဆုံးကတော့ လမ်းပေါ်မှာ လေလွင့်သွား ကြခြင်းဖြစ်ပါသည်။ တချို့မှာ ဝပ်ရှော့၊ ဆိုင်ကယ်ပြုပြင်ရေး လုပ်ငန်းများတွင် ပင်ပင်ပန်းပန်း ပညာသင်ယူရပါသည်။ ထို့အတူ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပန်းရန်အကူ၊ လက်သမားအကူ၊ သံချည်၊ သံကွေးအကူ စသည်ဖြင့် ကလေးလုပ်သားများအဖြစ် လုပ်ကိုင်နေကြရပါသည်။ 

ထိုကဲ့သို့ ကျောင်းထွက်သွားရသည့် ကလေး ၈၀ ရာခိုင်နှုန်းခန့်အတွက် သက်မွေးပညာသင်တန်းမျိုးစုံကို နိုင်ငံတော်က ဖွင့်လှစ်ပေး နိုင်မှသာလျှင် အသက် ၁၀ နှစ်မှ ၁၇ နှစ်အရွယ်အတွင်းရှိ လူငယ်များသည် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစု အရင်းအမြစ်များ ဖြစ်လာပေလိမ့်မည်။ သို့မှသာ ကာယအားကိုးသော အလုပ်ကြမ်းသမား (Hard Worker) ဘဝမှသည် နည်းပညာတတ်ကျွမ်းသည့် ကျွမ်းကျင်လုပ်သား (Skillful Labors) များ ဖြစ်လာလိမ့်မည်။ ကျွမ်းကျင်လုပ်သားအဆင့်ဖြစ်မှ ဝင်ငွေလည်း ပိုတိုးပေမည်။ 

ကျွန်တော်တို့နိုင်ငံတွင် ကျွမ်းကျင်လုပ်သားများ အလုံအလောက်မရှိ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် သူတို့နိုင်ငံမှ ကျွမ်းကျင်လုပ်သားများခေါ်ယူပြီး အသုံးပြုကြသဖြင့် နိုင်ငံတွင်းရှိလုပ်သားများအတွက် အလုပ်ရရှိမှုများ နစ်နာဆုံးရှုံးရပါသည်။ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကများမှ ဖွင့်လှစ်ထားသော သက်မွေးနှင့်နည်းပညာကျောင်း များရှိသော်လည်း ကျောင်းထွက်နှုန်းနှင့်စာလျှင် တက်ရောက်သူများ အလွန်နည်းပါးပါသေးသည်။ နည်းပါးရသည့် အကြောင်းရင်းမှာ သင်တန်းစရိတ်ကြောင့် ဖြစ်ပါသည်။ 

အစိုးရကျောင်းများတွင် စရိတ်ကုန်ကျမှု မရှိသော်လည်း ပုဂ္ဂလိက သင်တန်းကျောင်းများတွင် စရိတ်ကုန်ကျမှု များပြားလှပါသည်။ သို့အတွက်ကြောင့် မိသားစုစားဝတ်နေရေး ခက်ခဲသောကလေးများသည် အဆိုပါပုဂ္ဂလိကသင်တန်းကျောင်းများသို့ မတက်ရောက်နိုင် ကြပါ။ ယနေ့အခြေအနေတွင် ဆင်းရဲသောမိသားစုများ၏ ကလေးများအတွက် အစိုးရက ဖွင့်လှစ်ပေးသော အခမဲ့ (သို့မဟုတ်) အလုပ်ဝင်လျှင် အချိုးကျပြန်လည်ပေးဆပ်ရသည့် သက်မွေးနှင့် နည်းပညာသင်ကျောင်းများကို လုံလုံလောက်လောက် ဖွင့်လှစ်ပေးရန် လိုအပ် နေပြီဟုမြင်မိပါသည်။ ယခင်ကလို စက်ပြင်၊ သံချည်သံကွေး၊ လျှပ်စစ်၊ စိုက်ပျိုးမွေးမြူရေးတို့သာမက ယနေ့ အီလက်ထရွန်နစ်၊ ဆက်သွယ်ရေး နည်းပညာမျိုးစုံ၊ လက်ကိုင်ဖုန်းပြင်ဆင်သည့် နည်းပညာ၊ အလှပြင် နည်းပညာ (ဆံပင်၊ မိတ်ကပ်၊ အိမ်တွင်းအလှဆင်၊ ခန်းမအလှဆင်)၊ ဒီဇိုင်းအသစ်ထွင်နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ရိုးရာပစ္စည်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းနည်းပညာများနှင့် ထိန်းသိမ်းမှု (ဂျပန်နိုင်ငံသည် ရိုးရာပစ္စည်းများကို ထုတ်လုပ်ပြီး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်မှုကြီးမားသည့် နိုင်ငံဖြစ်ခြင်း)၊ ခေတ်နှင့်အညီ ရိုးရာမုန့်မျိုးစုံလုပ်နည်း စသည်တို့ကို သင်ကြားပေးနိုင်မည့် ခေတ်မီသက်မွေးနှင့် နည်းပညာတတ်ကျွမ်း သူများ မွေးထုတ်ပေးသည့် (Vocational Education) ဖြစ်ရန် လိုအပ်ပါသည်။ 

သို့မှသာ ယနေ့ အခြေခံပညာရေးအား ပြီးမြောက်မှုမရှိဘဲ ကျောင်းပြင်ပသို့ ရောက်ရှိနေသော လူငယ် ၈၀ ရာခိုင်နှုန်းခန့်အား သက်မွေးပညာများကို သင်ကြားပေးနိုင်မည်ဖြစ်ပါသည်။ သို့မှသာ ယခုဆောင်းပါးအစတွင် ဦးသန့် ညွှန်းခဲ့သလို “လူဖြစ်ရကျိုး ဆုံးရှုံးသူများဘဝ” မရောက်မှာပါ။ ထို့အတူ အတန်းကူးပြောင်းမှုနှုန်း မြင့်မားစေရေးအတွက် ထိုသင်တန်းကျောင်းများအား ကျောင်းသင်ပညာရေး၏ အလယ်တန်းအဆင့် (သို့မဟုတ်) အထက်တန်းအဆင့်နှင့် ညီမျှမှုဟုဆိုအပ်သည့် “တန်းညှိစနစ်” ထားရှိပေးရန်လည်း လိုအပ်သည်ဟု မြင်မိပါသည်။ 

ကျွမ်းကျင်လုပ်သား လိုအပ်ချက်ဖြည့်ဆည်းရေး

ဆောင်းပါးအစတွင် ဖော်ပြခဲ့သကဲ့သို့ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် သက်မွေးပညာ ကျောင်းဆင်းဦးရေမှာ ၆၀၂၃၀ သာရှိကြောင်း သိရပါသည်။ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၀၁၃ ရာခိုင်နှုန်းသာရှိပါသည်။ အခြေခံပညာ ကျောင်းထွက်နှုန်း ၈၀ ရာခိုင်နှုန်းခန့်နှင့် နှိုင်းယှဉ်လျှင် အလွန်ပင် နည်းပါးနေပါသေးကြောင်း သတိပြုပြီး နည်းပညာနှင့် သက်မွေးပညာ ကျောင်းများကို မဖြစ်မနေဖြည့်ဆည်းပေးနေရပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ပန်းရန်အကူလုပ်ရင်း ပန်းရန်ဆရာဖြစ်လာသူ၊ လျှပ်စစ်လုပ်ငန်းကူရင်း လျှပ်စစ်မီးပြင်ဆရာ၊ ရေဆေးဆီလိုက်၊ ဝက်အူ ဖြုတ်တပ်တာဝိုင်းကူရင်း မက္ကင်းနစ် (Mechanic) ဆရာ၊ ကားစမ်းမောင်းရင်း ကားဆရာ စသည်ဖြင့် တတ်မြောက်လာကြပါသည်။ ဆရာများက တပည့်များအား သီအိုရီအခြေခံကို တိတိကျကျ သင်ကြားပေးနိုင်မှု အားနည်းခဲ့ပါသည်။ ထို့ကြောင့် တပည့်များသည် သီအိုရီအခြေခံကို တတ်ကျွမ်းမှု အားနည်းခဲ့ပါသည်။ ဥပမာ ပန်းရန် ဆရာသည် နောက်တစ်နေ့လုပ်မည့် အုတ်ကို တစ်ညတာ ရေဝအောင် မည်သို့စိမ်ရမည် (သို့မဟုတ်) ရေများများ ပက်ဖျန်းထားရမည် ဆိုသည်ကို မသိခဲ့ပါ။ ထို့အတူ မဆလာဖျော်ရမည့် သဲသည် ခဲ၊ ရွှံ့၊ ဆပ်ပြာပေါက်မှု ကင်းရမည် (အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်း ဒေသရှိသဲများ) ကိုလည်း သိရပါမည်။ 
ဆောက်လုပ်ရေးလုပ်ငန်းတွင် ဈေးအပေါဆုံး သဲကိုပင် ပန်းရန် စွမ်းရည်နိမ့်ကျသဖြင့် စိစစ်မှုမရှိ၍ အဆိုပါသန့်ရှင်းမှု မရှိသည့် သဲမျိုးကို အသုံးပြုခြင်းဖြင့် တည်ဆောက်မိပါက တန်ဖိုးကြီးသော အဆောက်အအုံ ခိုင်မြဲမှုနှင့် အရည်အသွေး ပျက်စီးနိုင်ကြောင်း သိရပါမည်။ ဤကဲ့သို့ သီအိုရီအခြေမခိုင်သော တတ်ကျွမ်းမှုကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်လာသည့်အချိန်တွင် “ကျွမ်းကျင်လုပ်သား” (Skillful Worker) ရှားသည့်အဖြစ်မျိုး ကြုံတွေ့ရပါသည်။ ကျွမ်းကျင်လုပ်သားကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာ “ကျောင်းဆင်းလက်မှတ်” နှင့် အချို့နေရာများတွင် အဖွဲ့အစည်းများက ထုတ်ပေးသော ကျွမ်းကျင်လက်မှတ်များ တောင်းဆိုတတ်ပါသည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စနစ်တကျ လေ့ကျင့်ပေးထားသော သက်မွေးပညာသင်တန်းကျောင်းတစ်ခုခုမှာ သင်ကြားခဲ့သော “တတ်ကျွမ်းသူပညာရှင်” (Technician) များကိုသာ လိုချင်ကြခြင်း ဖြစ်ပါသည်။ တတ်ကျွမ်းသူပညာရှင်အဆင့်အနေဖြင့် ကောလိပ်အဆင့်၊ သိပ္ပံအဆင့်များမှ မွေးထုတ်ပေးပါသည်။ ဥပမာ စက်မှုလက်မှု သိပ္ပံကျောင်းများ၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများ စသည်တို့ဖြစ်ပါသည်။ အခြေခံပညာအဆင့် ပြီးမြောက်သူများသာ တက်ရောက်နိုင်ပါသည်။ များသောအားဖြင့် ဒီပလိုမာလက်မှတ်သာ အပ်နှင်းပြီး ဘွဲ့လက်မှတ် အထိ သင်ကြားပေးနိုင်ခြင်းမရှိပါ။ ထို့အတူ အခြေခံပညာ အလယ် တန်းအဆင့်ပြီးမြောက်အောင်မြင်သူများအတွက် နည်းပညာအထက် တန်းကျောင်းများ ပိုမိုဖွင့်လှစ်ပေးရန် လိုပေလိမ့်မည်။

ကျေးရွာအခြေပြု သက်မွေးပညာရေးနှင့် နိုင်ငံဖွံ့ဖြိုးမှု

မြန်မာနိုင်ငံတွင် TVET ပညာရေးသည် အဆန်းတော့မဟုတ်ပါ။ လက်ရှိတွင်လည်း ကျင့်သုံးလျက်ရှိပါသည်။ သို့သော် ပညာရပ် အမျိုးအစားအရေအတွက် နည်းပါးမှုနှင့် ပြည်သူသိအောင် အသိပညာပေးမှု အားနည်းခြင်းကြောင့် စိတ်ဝင်စားမှုများ နည်းပါးနေပါသေးသည်။ ယခုလက်ရှိ သူနာပြုသင်တန်းများ၊ ဆရာဖြစ်သင်ကောလိပ်များ၊ စက်မှုလက်မှုသိပ္ပံများ စသည်တို့သည် ရှိပြီးသားဖြစ်ပါသည်။ ယနေ့ အခြေအနေမှာတော့ ထိုပညာရပ်များအပြင် ခေတ်နှင့်ညီသော ပညာရပ်များကိုလည်း ထပ်မံဖြည့်စွက် သင်ကြားပေးရန် လိုအပ်နေပြီဟု မြင်မိပါသည်။ နည်းပညာနှင့် သက်မွေးပညာဖွံ့ဖြိုးမှ နိုင်ငံတွင်လည်း ဆင်းရဲမှုများ လျော့ကျလာကာ လူလတ်တန်းစားအလွှာများပြား လာပေလိမ့်မည်။ ထင်ရှားသည့် သာဓကအနေဖြင့် ဒုတိယကမ္ဘာစစ် အပြီးတွင် စစ်ပွဲကိုဦးဆောင်ခဲ့ပြီး စစ်ရှုံးခဲ့သည့် ဂျာမနီနှင့် ဂျပန်နိုင်ငံ တို့သည် ပြာပုံဘဝမှ ရုန်းထရန် “မာရှယ်စီမံကိန်း” ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုစီမံကိန်းတွင် နည်းပညာနှင့် သက်မွေးပညာ ပညာရေး (TVET) ဖွံ့ဖြိုးရေးကို အခြေပြုသည့် အသေးစားနှင့် အလတ်တန်းစား စီးပွားရေးလုပ်ငန်များ (SME) တိုးတက်ရေးကို အဓိကထား၍ ဆောင်ရွက်ခဲ့ပါသည်။ 

TVET ကို အခြေခံရသည့် အကြောင်းရင်းမှာ ထိုနှစ်နိုင်ငံသည် ယခင်ကပင် TVET ပညာဖွံ့ဖြိုးသည့် နိုင်ငံများဖြစ်သောကြောင့် ဖြစ်ပါသည်။ ပြည်တွင်းစစ်ဖြစ်ခဲ့ပြီး ဆင်းရဲတွင်းနက်နေသည့် တောင်ကိုရီးယားနိုင်ငံတွင်လည်း ကျေးရွာဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်ခြင်းနှင့်အတူ TVET နည်းပညာကိုပါ ဖွံ့ဖြိုးအောင်ဆောင်ရွက်ခဲ့သဖြင့် ကျေးရွာနှင့် မြို့ပြအကြား ဆင်းရဲချမ်းသာကွာဟနေမှုကို လျှော့ချနိုင်ခဲ့ပါသည်။ ထို့အတူ တရုတ်နိုင်ငံတွင်လည်း ကျေးလက်နေဆင်းရဲသူများပြားရာမှ TVET ဖြင့် စိန်ပုံသဏ္ဌာန် လူတန်းစားအလွှာ ဖြစ်လာခဲ့ပါသည်။ တစ်နည်းအားဖြင့် လူလတ်တန်းစားအလွှာများ ပိုမိုများပြားလာခဲ့ပါသည်။ ပြာပုံဘဝမှ ရုန်းထ၍ လူလတ်တန်းစားအလွှာ များပြားရခြင်းမှာ ထိုလေးနိုင်ငံတွင် TVET နည်းပညာများ ဖွံ့ဖြိုးလာမှုကြောင့်ပင် ဖြစ်ပါသည်။ 

ယခုအခါ ထိုပြာပုံဘဝမှ ရုန်းကန်နိုင်ခဲ့သည့် နိုင်ငံလေးနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းဖွံ့ဖြိုးသည့် နိုင်ငံစာရင်းဝင် ဖြစ်နေပြီဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်တို့ ယနေ့ပြောင်းလဲမည့် ပညာရေးတွင် ဆောင်းပါးအစ၌ ဦးသန့် ညွှန်းဆိုခဲ့သကဲ့သို့ “ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်တစ်ရပ်သည် အသက်မွေးဝမ်းကျောင်းအတွက် ဖြစ်သင့်သည်” ဟူသည့် အချက်နှင့်ကိုက်ညီမည့် “နည်းပညာနှင့် သက်မွေးပညာရေးဖွံ့ဖြိုးမှု” ကို အဓိကဦးစားပေးအဆင့်မှာထားရှိ ဆောင်ရွက်နိုင်မှသာလျှင် “ပညာရေး အဟောသိကံဖြစ်မှုကို တားဆီးနိုင်ခြင်း” ၊ “အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းနိုင်ခြင်း” ၊ “ဆင်းရဲမှု လျှော့ချနိုင်ခြင်း” နှင့် “လူလတ်တန်းစားအလွှာ ပိုမိုများပြားလာကာ နိုင်ငံတည်ငြိမ်အေးချမ်းစေမှုကို ဖြစ်ထွန်းစေခြင်း” စသော အကျိုးကျေးဇူးများကို တစ်ပြိုင်နက်တည်း ခံစားရပါလိမ့်မည်။ 

ထိုသို့ လက်တွေ့အကောင်အထည်ဖော်ခဲ့ခြင်းကို ဂျာမနီ၊ ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့၏ TVET ပညာရေးဖွံ့ဖြိုးမှုကြောင့် ယင်းနိုင်ငံများသည် ကမ္ဘာ့စီးပွားရေးနှင့် ဖွံ့ဖြိုးမှု ပထမကမ္ဘာအဆင့်ဆီသို့ တက်လှမ်းနိုင်မှုကို စံနမူနာထား၍ “နည်းပညာနှင့် သက်မွေး ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးရေး၏ အဓိကသော့ချက်” ဟု ခံယူကျင့်သုံးပြီး မဖြစ်မနေ ယင်းပညာရေးကဏ္ဍ ဖွံ့ဖြိုးအောင် ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။