နည်းပညာအသစ်အသုံးပြုမည့် ရန်ကုန်အဝါရောင်ကျောင်းကားများ

၁ သြဂုတ်

 

ရန်ကုန် မြို့၏ လမ်းမများထက်တွင် ရွှေအိုရောင် (School Bus) ကားတို့ စတင်ပြေးဆွဲခဲ့သည်မှာ အချိန်ကာလအားဖြင့် နှစ်လတာကာလအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဝယ်ယူ ပြီးချိန်မှ အချိန်ကာလတစ်ခုကို စောင့်ဆိုင်းခဲ့ရသော အဝါရောင် (School Bus) ကျောင်းကြို/ပို့ ယာဉ်များသည် ၂၀၁၈ ပညာသင်နှစ်မှစ၍ ပြေးဆွဲခွင့်ရခဲ့ပြီ ဖြစ်သည်။ မြို့တော် ရန်ကုန်၏ အဓိကလမ်းမကြီးများထက်ဝယ် စနေ၊ တနဂငေ်္နွရုံး ပိတ်ရက်များမှအပ အဝါရောင်ကျောင်းကြို - ပို့ယာဉ် (School Bus) တို့ကို မြင်တွေ့ ကြရသည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)၏ ကြီးကြပ်မှုဖြင့် ရန်ကင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်များရှိ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC)နှစ်ကျောင်းကို ပထမဦးစားပေးအဖြစ် အဝါရောင်ကျောင်းကြို/ပို့ယာဉ်များ ပြေးဆွဲနေခြင်းဖြစ်သည်။ မြို့တော်ရန်ကုန်၏ အဓိကလမ်းမကြီးများနှင့် ယာဉ်ကြောကျပ်တည်းမှုရှိသော နေရာများရှိ ကျောင်းပေါင်း ၂၂ ကျောင်းကို ကျောင်းကားစနစ်သစ်ဖြင့် ပြေးဆွဲနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

အဝါရောင်ကျောင်းကြို- ပို့ယာဉ် (School Bus)များ စတင်ပြေးဆွဲမည်ဟူသော သတင်းစကားနောက်ဝယ် ဝေဖန်မှုအမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ရသည်။ ယင်းစိန်ခေါ်မှုများစွာထဲမှ အဝါရောင်ကျောင်းကြို/ပို့ယာဉ်တိုက ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင်ကျောင်းကားပြေးဆွဲသူများကအစပိုင်းတွင် စိုးရိမ်စိတ်ရှိခဲ့သော်လည်း အဓိကလမ်းမကြီးများပေါ်၌သာ ပြေးဆွဲသော အဝါရောင်ကျောင်းကြို/ပို့ယာဉ် (School Bus) တို့ကြောင့် စိုးရိမ်စိတ်ပြေလျော့ခဲ့သည်။ ရပ်ကွက်အတွင်း လမ်းများသို့ဝင်၍အိမ်တိုင် ရာရောက် ကြို/ပို့သော ပုဂ္ဂလိက ကျောင်းကားများ၏ ကျောင်းသားရရှိမှုတို့က အဝါရောင် ကျောင်းကြို/ပို့ယာဉ်တို့ကြောင့် ထိခိုက်မှုမရှိပေ။

 

အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသားများ လမ်းထိပ်ထွက်၍ ကျောင်းကားစီးနိုင်သည်ဆိုသော်လည်း မူလတန်းအဆင့် ကျောင်းသားငယ်လေးများကိုမူ မိဘများက တစ်ဦးတည်းလွှတ်ရန် စိတ်မချကြပေ။ ထို့ကြောင့်ပင် အိမ်တိုင်ရာရောက်လာခေါ်သော ကျောင်းကားများကို ဆက်လက်အားကိုးကြရသည်။ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်း ကြို- ပို့ယာဉ်များထက် ငါးထောင်- တစ်သောင်းနီးပါး ဈေးနှုန်း ပိုများနေခြင်းကအဝါရောင်ကျောင်း ကြို/ပို့ ယာဉ်တို့၏ အားနည်းချက်တစ်ခုလို ဖြစ်နေသည်။ ယာဉ်မောင်းစရိတ်၊ ယာဉ်ကြီးကြပ်စရိတ်နှင့် နေ့စဉ်စက်သုံးဆီဈေးတို့က ကျောင်းသားရရှိမှုနှင့်အချိုးညီရန် အဝါရောင်ကျောင်းကြို-ပို့ ယာဉ်များအတွက် အရေးကြီးပေသည်။

 

ယခုရက်ပိုင်းအတွင်း ပြေးဆွဲချိန်ကာလ နှစ်လတာအတွင်း ရောက်ရှိလာသည့် အဝါရောင်ကျောင်းကြို/ပို့ယာဉ်တို့ကို နည်းပညာသစ်တစ်မျိုးဖြင့်စမ်းသပ်မှုများ ပြုလုပ်နေသည်ဟူသော သတင်းစကားကို ကြားရသည်။ ကျောင်းသားမိဘများ အနေဖြင့် မိမိသားသမီး ကျောင်းကားပေါ်အတက် အဆင်းပြုလုပ်နေသည့် ပုံရိပ်များ၊ ကျောင်းကားရောက်ရှိနေသည့်နေရာတည်နေရာတို့ကို လက်ကိုင်ဖုန်းမှတစ်ဆင့် နည်းပညာအသုံးပြုကာ ကြည့်ရှုနိုင်မည့် အခွင့်အရေးတစ်ရပ်ကို အဝါရောင်ကျောင်း ကြို/ပို့ယာဉ်တို့တွင်စမ်းသပ်လျက်ရှိကြောင်း သိရသည်။

 

အတက်အဆင်းပြုလုပ်သည့်ကတ်ပြားကို ကျောင်းကား အပေါက်ဝရှိစက်တွင် ကပ်လိုက်သည်နှင့် ယာဉ်ပေါ်တွင် တပ်ဆင်ထားသော ကင်မရာများမှတစ်ဆင့် ကျောင်းသားများ၏ ပုံရိပ်ကို ချက်ချင်းသိရှိနိုင်မည်ဟု သိရသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိသားသမီးကျောင်းကားပေါ်မည်သည့်အချိန်တွင် အတက်အဆင်းပြုလုပ်သည်ကို မိဘများအနေဖြင့် အိုးမကွာအိမ်မကွာ အလုပ်အကိုင်မပျက်ဘဲ စောင့်ကြည့်နိုင်ပေမည်။ အိမ်အပြန်ကျောင်းကားပေါ်တွင် မိမိသားသမီးပြန်ပါလာ- မလာကိုလည်း သိရှိနိုင်ပေမည်။ ထို့ပြင် ယင်းနည်းပညာအရ ကျောင်းကား မည်သည့်နေရာတွင်ရောက်ရှိနေသည်ကိုလည်း တည်နေရာပြစနစ်မှတစ်ဆင့် လက်ကိုင်ဖုန်းဖြင့် သိရှိနိုင်ပေတော့မည်။ မီးပွိုင့်မိနေခြင်း၊ ယာဉ်ပျက်ခြင်းစသော အကြောင်း အမျိုးမျိုးကြောင့် ကျောင်းကားနောက်ကျမည်ကိုလည်း မမြင်မစမ်းနှင့် စိုးရိမ်စရာမလိုတော့ပေ။ ကိုယ်ကိုယ်တိုင်ဖုန်းမှတစ်ဆင့် ကြည့်ရှုနိုင်ပေတော့မည်။ ကျောင်းသားမိဘများအတွက် ကျောင်းကားကိစ္စနှင့်ပတ်သက်၍ တစ်ဖက်တစ်လမ်းမှ စိတ်အေးကြရတော့မည်ဖြစ်သည်။

 

သို့သော် တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် ထို့ထက်ပိုမို လုပ်ဆောင်ရန် ကိစ္စရပ်များကားများစွာ ကျန်ရှိနေပါသေးသည်။ ကိုယ်ပိုင်ကား၊ ကျောင်းကား၊ ခရီးသည်တင်ဘတ်စ်ကားစသော ယာဉ်များအနေဖြင့် သတ်မှတ်ထားသော လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်စေခြင်း၊ မော်တော်ယာဉ်ရပ်နားဇုန်များ ဖော်ထုတ်ပေးခြင်း၊ ယာဉ်မရပ်ရနေရာများတွင် မော်တော်ယာဉ်များ အလျဉ်းမရပ်စေခြင်း၊ မော်တော်ယာဉ် များအား သတ်မှတ်ယာဉ်လမ်းကြောင်းများအတိုင်း မောင်းနှင်စေခြင်း၊ စည်းကမ်းဖောက်ယာဉ်များအား ထိရောက်စွာအရေးယူစေခြင်းများကို ယခုထက်ပိုမိုလုပ်ဆောင်ရန် လိုအပ်လျက်ရှိပါသည်။ ကျောင်းသားငယ် လေးများ စီးနင်းလိုက်ပါမည့်ယာဉ်သည် မိမိယာဉ်၏ အမှားကြောင့်မဟုတ်ဘဲအခြားယာဉ်တစ်စီးစီး၏ စည်းကမ်းမလိုက်နာမှုကြောင့်လည်း အန္တရာယ်ဖြစ်နိုင်သည်ကို သတိမူသင့် ပေသည်။ ထို့ကြောင့် လမ်းများကိုအသုံးပြုသူတိုင်း စည်းကမ်းလိုက်နာရေးကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။

 

အချုပ်အားဖြင့် တင်ပြရသော် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများအားလုံး၌ ကျောင်းသား ကျောင်းသူများ သွားလာရေးအတွက် လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်သော အဝါရောင် ကျောင်းကြို - ပို့ယာဉ် (School Bus) ပိုမို ပေါ်ထွက်လာပြီး ကျောင်းသား ကျောင်းသူလေးများသာမက မိဘများပါ စိတ်ပူပန်ခြင်းကင်းဝေးစေရန် ဖော်ဆောင်နိုင်သည့် စနစ်သစ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ကြပါစေကြောင်း။ ။ 

 

ထင်ပေါ်ဝင်း