နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး စတင်သေဆုံး

နမ္မတူ ဇူလိုင် ၂

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇူလိုင် ၂ ရက် နံနက်  ၆ နာရီခန့်က ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး စတင်သေဆုံးခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

        

အဆိုပါ သေဆုံးခဲ့သည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာမှာ နမ္မတူမြို့နယ်၊ ကြူဆော့ကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာမှ အသက်  ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ဇူလိုင်  ၁ ရက် ညပိုင်းတွင် အသက်ရှူမဝ၍ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုသမှုခံယူစဉ် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်။

 

ထို့သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၎င်းလူနာအား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် အောက်ဆီဂျင် တပ်ဆင်ထားရှိပြီး ကုသဆောင်ရွက်ပေးခဲ့ရာ ဇူလိုင်  ၂ ရက် နံနက်  ၆ နာရီခန့်တွင် သေဆုံးခဲ့ပြီး ရောဂါအခံမရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

mdn

      

၎င်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သေဆုံးလူနာအား  မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)နှင့် မေတ္တာရှင် နာရေးလူမှုကူညီရေးအသင်းကားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  မီးသင်္ဂြိုလ်ပေးခဲ့ပြီး အဆိုပါပိုးတွေ့လူနာကိစ္စ ဆောင်ရွက်ခဲ့သည့် နေရာများအား ပိုးသတ်ဆေးဖျန်း ဆောင်ရွက်ပေးခဲ့ကြောင်း မေတ္တာရှင် နာရေးလူမှုကူညီရေး အသင်းမှ သိရသည်။

 

ဆက်လက်၍ သေဆုံးပိုးတွေ့လူနာ နေထိုင်ခဲ့သည့် ကြူဆော့ကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာရှိ ၎င်း၏နေအိမ်အပါအဝင် ထိတွေ့ဆက်စပ်ခဲ့သူ  ၁၂ ဦး၊ နေအိမ်  ၅ အိမ်အား (Home Qurantine) ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

နမ္မတူမြို့နယ်တွင် ဇွန် ၁၆ ရက်မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး  ၆ ဦးရှိပြီဖြစ်ပြီး  ၁ ဦးသေဆုံးကာ၊  ၅ ဦးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရပါသည်။

 

လူမော် (ပြန်/ဆက်)