နမ္မတူမြို့နယ် (IDP) စခန်း ၃ ခုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့‌ငွေပေးအပ်

နမ္မတူ   ၁၁   ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ (IDP) စခန်း(၃)ခုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်  ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့‌ငွေပေးအပ်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့(IDP)စခန်းခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့‌ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


      
၎င်းနောက် နမ္မတူမြို့နယ်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများက နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်း၊ လီဆူး (IDP) စခန်းတို့မှ ကိုယ်ဝန်ဆောင်မိခင် ၃ ဦး၊ အသက် ၂ နှစ်အောက် ကလေး ၂၉ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၃၂ ဦးအတွက် ငွေကျပ် ၉၆၀၀၀၀ အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)