နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာ၌  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး PPE ဝတ်စုံနှင့် Face Mask များ ပေးအပ်လှူဒါန်း

နမ္မတူ ၁၆  ဧပြီ

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး PPE ဝတ်စုံနှင့် Face Mask များ ပေးအပ်လှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် ကိုဇော်ခတ္တ (မြန်မာ့စိတ်ရင်း)နှင့် စေတနာရှင်များအဖွဲ့မှ ဘော်တွင်းကျေးရွာအတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး PPE ဝတ်စုံ (၅)စုံ၊ အပူချိန်တိုင်းကိရိယာ (၁)ခု၊ လက်အိတ် (၁)ဘူး၊ ပိုးသတ်ဆေးရည် (၄)ဘူး၊ ရေမလို လက်သန့်ဆေးရည် (၂) ဘူးနှင့် Face Mask အခု ၁၀ဝ၀ အားလည်းကောင်း မေတ္တရှင်လူမှူကူညီရေးအသင်း နမ္မတူမှ အပူချိန်တိုင်းကိရိယာ (၁)ခုနှင့် ပိုးသတ်ဆေးရည် တစ်ပုံးအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဦးတင်လှိုင်နှင့် တာဝန်ရှိသူများ လက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကိုဇော်ခတ္တ (မြန်မာ့စိတ်ရင်း)နှင့် စေတနာရှင်များအဖွဲ့မှ နမ္မတူမြို့နယ် မိတ်ဆွေကောင်း၊ အနှိုင်းမဲ့၊ မေတ္တရှင် လူမှုကူညီရေးအသင်း (၃)သင်းသို့ PPE ဝတ်စုံ (၁၅)စုံ၊  လက်အိတ် (၃)ဘူး၊ ပိုးသတ်ဆေးရည် (၄)ဘူး၊ Face Mask အခု ၁၀ဝ၀ အား လက်ဝယ်သို့အရောက် ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
    
လူမော် (ပြန်/ဆက်)