နှမလက်လျှော့နေလေတော့ နှင့် မောင်မိုးသူ (၂)

mdn

သတင်းဆောင်းပါး - မောင်မိုးသူ

 

နှမလက်လျှော့နေလေတော့ ဇာတ်ကားကို ခင်မောင်ရင် က မောင်သိန်းတန်ရဲ့ အိမ်အဖြစ် ကမာရွတ်လှည်းတန်းက ကိုလွင်အောင်- မအေးအေးတို့ရဲ့ အိမ်မှာ ရိုက်ကူးပါတယ်။ ပထမဆုံးပြကွက်ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းက ပဲပြုတ်သည်တစ်ယောက် နှင်းမှုန်ကြားထဲကနေပြီးတော့ လှည်းတန်းဂိမ်းအထိ အလွန်လှပပန်းချီဆန်စွာ လာနေတဲ့ ထုံကို နှေးကွေးစွာရိုက်ကူးတဲ့ပြကွက်ဟာ နှမလက်လျှော့ရဲ့ အဖွင့်ပြကွက်ပါပဲ။ အဲဒီပြကွက်ကို ပရိသတ်များက သည်းညည်းမခံနိုင်လောက်အောင် ဖြစ်ခဲ့ကြပါတယ်။

 

ဘာပဲပြောပြော ခင်မောင်ရင်ကတော့ သူရိုက်စရာ ဇာတ်ဝင်ခန်းများကို အလွန်လှပနှေးကွေးတဲ့ ပြကွက်များ နဲ့ရိုက်ကူးပါတယ်။ မမျှော်လင့်ဘဲ တစ်ဦးနဲ့တစ်ဦး အိမ်ထောင်ပြုကြရတဲ့ မောင်သိန်းတန်နဲ့ မင်းသမီးတို့ နှစ်ယောက် ခုတင်တစ်ဖက်တစ်ချက်စီမှာ ထိုင်နေကြတဲ့ အခန်းကိုလည်း လှပနှေးကွေးစွာ ရိုက်ကူးပါတယ်။

 

အဲဒီအခန်းရဲ့ နေနောက်ခံတေးသီချင်းကို သီဆိုပေးရသူ ကတော့ စွယ်စုံပညာရှင်ကြီးဖြစ်တဲ့ ပန်းချီဆရာဒါရိုက်တာ မဝင်းဖေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဝင်းဖေတို့၊ ကိုကိုလေးတို့၊ မောင်မိုးသူတို့၊ ပေါ်ဦးသက်တို့တစ်တွေ အားလုံးဟာ ခင်မောင်ရင်ကို ချစ်လည်းချစ်၊ ကြောက်လည်းကြောက်ရပါ တယ်။ ဘာလို့ချစ်တာလဲဆိုတော့ ခင်မောင်ရင်ဟာ အလွန်ချစ်စရာကောင်းပြီး သဘောကောင်းတဲ့သူဖြစ်လို့ ပါပဲ။ (၂၄) လမ်း အေအိုင်ရုံးခန်းမှာ ခင်မောင်ရင်နဲ့ ပေါ်ဦးသက်တို့ နှစ်ယောက်အတူနေကြပြီး နှစ်ယောက် စလုံး ပန်းချီကားတွေ ရေးဆွဲကြပါတယ်။ ပေါ်ဦးသက်က သူ့ယောက္ခမဖြစ်တဲ့ မြို့မငြိမ်းရဲ့ သီချင်းတွေကို အော်ဆိုလေ့ရှိသလို ခင်မောင်ရင်ကလည်း သူ့ရဲ့ ကမ္ဘာ့ဂန္တဝင်တေးဂီတ ဓာတ်ပြားကြီး များကိုဖွင့်ပြီး နေလေ့ရှိသူဖြစ်ပါတယ်။

 

တကယ်တော့ အေအိုင်ရုံးခန်းဟာ မူလကဗိသုကာ သုံးယောက်ဖြစ်တဲ့ ဘိုကြီး၊ တင်ထွန်း၊ အောင်ကြီးမြင့်တို့ရဲ့ ရုံးခန်းဖြစ်ပါတယ်။ သူတို့သုံးယောက်ကို နိုင်ငံတော်ကဆောက်လုပ်ရေးဝန်ထမ်းများအဖြစ် ခေါ်ယူသွားတဲ့ အတွက် အဲဒီရုံးခန်းကို ခင်မောင်ရင်နဲ့ ပေါ်ဦးသက်တို့ အပိုင်စားရလိုက်ပြီး ဇော်ဇော်အောင်၊ သိန်းသန်းထွန်း၊ ကိုကိုလေး၊ မောင်မိုးသူတို့ သူငယ်ချင်းတစ်တွေ အပိုင်စား နေထိုင်ကြတဲ့ အခန်းတစ်ခု ဖြစ်လာပါတော့တယ်။ ဒီအခန်းမှာ ခင်မောင်ရင်နဲ့ပေါ်ဦးသက်တို့ ပန်းချီရေးဆွဲ သလို ကိုရွှေအောင်သိန်းလည်း ပန်းချီရေးပါတယ်။ ထိုနည်းတူ ဝင်းဖေလည်း ပန်းချီရေးပါတယ်။

 

အဲဒီအချိန်က ပန်းချီဆီဆေးများက အလွန်ရှားပါးတဲ့ အတွက် နိုင်ငံခြားသံရုံးမှတစ်ဆင့် ရရှိတဲ့ဆေးတွေနဲ့ ခင်မောင်ရင်တို့၊ ပေါ်ဦးတို့ရေးကြပါတယ်။ အဲဒီအခန်းမှာ ရေးကြဆွဲကြတဲ့ ပန်းချီဆရာလေးဦးဖြစ်တဲ့ ပေါ်ဦးသက်။ ခင်မောင်ရင်၊ ဝင်းဖေ၊ ကိုရွှေအောင်သိန်းတို့ရဲ့ ပန်းချီကား များကို နိုင်ငံခြားသံအရာရှိအိမ်တစ်အိမ်မှာ သွားရောက် ပြသကြဖူးတာကိုလည်း မောင်မိုးသူ အမှတ်ရမိပါတယ်။ မြန်မာ့ပန်းချီလောကနဲ့ပတ်သက်ပြီး မော်ဒန်ခေတ်သစ် ပန်းချီကို ဦးဆောင်ရေး ဆွဲခဲ့ကြသူများဟာ (၂၄) လမ်း အေအိုင်ရုံးခန်းမှဖြစ်တယ်လို့ ပန်းချီသမိုင်းပြုစုသူတစ်ဦးက ရေးသားခဲ့ဖူးပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ မန္တလေးက ပေါ်ဦးသက်၊ ဝင်းဖေတို့ရဲ့ ဆရာ ဘဏ်ဦးခင်မောင်ဟာရန်ကုန်ရောက်လာ တတ်ပါတယ်။ ရန်ကုန်ရောက်လာတိုင်း ခင်မောင်ရင်က ဆရာဦးခင်မောင်ကို ရန်ကုန်မြို့ ကအရက်ဆိုင်တွေ ခေါ်သွားပြီး အရက်တိုက်ဖူးပါတယ်။  ခင်မောင်ရင်ဟာ မော်ဒန်ခေတ်သစ်ပန်းချီများ ရေးဆွဲခဲ့သူအဖြစ် နောင်သော အခါ အလွန်ထင်ရှားတဲ့ ပန်းချီဆရာကြီးတစ်ယောက်ဖြစ် လာပါတယ်။ ခင်မောင်ရင်ရဲ့ အကြောင်းကို မောင်မိုးသူ၊ ဇော်ဇော်အောင်နဲ့ ကိုတာတို့ သုံးယောက်ပေါင်းပြီး စိတ်ကူး ချိုချိုစာအုပ်တိုက်မှ ရေးသားထုတ်ဝေခဲ့ပါတယ်။

 

ခင်မောင်ရင်ဟာ မြောက်ဥက္ကလာပမှာ အနုပညာ ကျောင်းတစ်ကျောင်းတည်ထောင်ဖူးပါတယ်။ သူ့တပည့် များကလည်း ခင်မောင်ရင်ကို အလွန်ချစ်ပြီး အလွန်လေးစားကြပါတယ်။ မြောက်ဥက္ကလာပကျောင်းမှာ အတန်းကြီးတွေ သင်ပြစဉ်က ဘာသာရပ်အားလုံးကို ဘယ်ဆရာလာလာ၊ မလာလာသူကပင်တိုင်ပင်ပြပါတယ်။ ဂုဏ်ထူးဦးသိန်းနိုင်ကလည်း သွားရောက် ပြသရပါတယ်။ နောက်ပိုင်း ကလေး တွေပဲ စာသင်ရတဲ့အချိန်မှာတော့ မောင်မိုးသူရောက်သွား တယ်ခင်ဗျ။ ခင်မောင်ရင်က ကလေးတွေကို ဒါငါ့သူငယ်ချင်း  ရုပ်ရှင်ဒါရိုက်တာမိုးသူ၊ သူတစ်ချိန်သင်လိမ့်မယ် နားထောင် ကြဆိုတော့ မောင်မိုးသူလည်း တစ်ချိန်သင်ရပါတယ်။

 

မောင်မိုးသူက ကလေးတွေကို သင်တာဖြစ်လေတော့ ရယ်စရာမောစရာများပြောပြီးသင်တာကို ကလေးတွေက ရယ်တော့ကိုခင်မောင်ရင်ကမကျေနပ်ဘူး၊ စားပွဲကိုကြိမ်လုံး နဲ့ တဖြောင်းဖြောင်းနဲ့ရိုက်ပြီး သိပ်မရယ်ကြနဲ့ ဆိုပြီး ပြောဆိုခဲ့ဖူးတာ အမှတ်တရပါပဲ။ နောက်ပိုင်းကျောင်းလည်း မရှိတော့ဘဲ အဲဒီအိမ်လေးမှာ ခင်မောင်ရင်တစ်ကိုယ်တည်း | နေထိုင်ပြီး ပန်းချီကားတွေ ဆွဲပါတယ်။

 

အေအိုင်တုန်းကလို ဓာတ်စက်ကြီးနဲ့ မဟုတ်ပေမယ့် သီချင်းစက်လေးနဲ့ ကမ္ဘာ့ဂန္ထဝင်သီချင်းတွေကိုဖွင့်ဆဲ၊ နားထောင်ဆဲပဲဖြစ်ပါတယ်။ ခင်မောင်ရင်ဆီကို နိုင်ငံခြားသား ပန်းချီဝယ်လိုသူများက လိုက်လံပို့ဆောင်ပေးပါဆိုလို့ မောင်မိုးသူက နိုင်ငံခြားကဧည့်သည်များကို တစ်ခေါက်၊ နှစ်ခေါက်လိုက်ပို့ဖူးပါတယ်။ ခင်မောင်ရင် အိမ်ခန်းဟာ ပန်းချီကားတွေနဲ့ ပြည့်နေပါတယ်။ ပန်းချီကားတွေ ဘယ်လောက်နဲ့ရောင်းမှာလဲလို့ နိုင်ငံခြားသားကမေးတော့ ခင်မောင်ရင်က မသိဘူး ပေးချင်သလောက်ပေးသွား ဆိုတော့ နိုင်ငံခြားသားများက ၂၀ဝ၊ ၃၀ဝ ပေးတာကို ( ဘီစကွတ်ပုံးထဲ ထည့်ခိုင်းလိုက်တာဖြစ်ပါတယ်။

 

မောနင်းစတားဆိုင်ပိုင်ရှင် ဦးမောင်စိုးလည်း ခင်မောင်ရင် အိမ်ကို တစ်ခေါက်ရောက်လာပြီး ခင်မောင်ရင် ရဲ့ ပန်းချီကား တစ်ကား နှစ်ကားကို ဝယ်ယူခဲ့ဖူးပါတယ်။ ထိုနည်းတူ ရေဝေးသုသာန်အသုဘတစ်ခုမှာ ဆုံစည်း ကြတဲ့ ဦးဝင်းတင်နဲ့ မောင်မိုးသူတို့လည်း အပြန်မှာ ခင်မောင်ရင်တို့အိမ်ကို ရောက်သွားကြပါတယ်။ ဦးဝင်းတင်နှောက်ကို တကောက်ကောက် လိုက်ပါလာတဲ့ ထောက်လှမ်းရေးတွေလည်း ခင်မောင်ရင်း အိမ်ထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေကြရတာပေါ့။ ဦးဝင်းတင်နဲ့ မောင်မိုးသူကို ခင်မောင်ရင်က လက်ဖက်ရည် တိုက်ပြီးဧည့်ခံပါတယ်။ ခင်မောင်ရင်က ပန်းချီကား တစ်ကားကိုလည်း ဦးဝင်းတင်ကို ပေးပါတယ်။ ဦးဝင်းတင်တစ်ယောက်တည်း နေထိုင်သွားတဲ့ ဦးအုန်းထွန်း အိမ်ရှေ့ အိမ်ခန်းလေးထဲမှာ ဦးဝင်းတင်ကို ပေးလိုက်တဲ့ ခင်မောင်ရင်ရဲ့ ပန်းချီကား ရှိနေဆဲပါပဲ။

 

ဦးဝင်းတင်နဲ့မောင်မိုးသူတို့ ခင်မောင်ရင်ရဲ့ ပန်းချီကား ကိုယူပြီး ပြန်သွားကျတော့ ထောက်လှမ်းရေးတွေက  ခင်မောင်ရင်ကို ဦးဝင်းတင်နဲ့ဘယ်တုန်းက သိတာတုံး၊  ဘယ်လိုသိတာတုံးလို့ မေးကြပါတယ်။ မသိဘူး၊ ဟိုကောင် မိုးသူခေါ်လာတာပဲလို့ ဖြေတော့ဘာမှမေးလို့မရတော့ဘူး။ အဲဒီလို ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ခင်မောင်ရင်နဲ့ဇော်ဇော်အောင်တို့ဟာ ရှေ့ဆင့်နောက်ဆင့်  ကွယ်လွန်အနိစ္စရောက်ကြပါတယ်။

 

ခင်မောင်ရင်ဆေးရုံတက်ပြီး ကွယ်လွန်ခါနီးအချိန်မှာ မောင်မိုးသူနဲ့ဝင်းဖေတို့လည်း ခုတင်နံဘေးမှာရှိပါတယ်။ ခင်မောင်ရင်က သူ့တူလေးကို ဒါကဝင်းဖေနဲ့ မိုးသူဆိုတဲ့ ဒါရိုက်တာ နှစ်ယောက်။ မင်း သူတို့ဆီမှာ လေ့လာသင်ယူလို့ အပ်ပါတယ်။ ဝင်းဖေတို့ မောင်မိုးသူတို့လည်း ရယ်ပဲ နေရတော့တာပေါ့။ ခင်မောင်ရင် ကွယ်လွန်တော့ ရေဝေး သုသာန်မှာ ခင်မောင်ရင်ကိုချစ်ကြတဲ့တပည့်သားမြေးတွေ အများကြီးလာကြပါတယ်။ ဟုတ်တယ်လေ ခင်မောင်ရင် ဟာ မြောက်ဥက္ကလာပမှာ အထက်တန်းကျောင်း တစ်ကျောင်း တည်ထောင်ခဲ့လေတော့ တပည့်တွေလည်း အလွန်ပေါပါတယ်။ မြန်မာနိုင်ငံရဲ့ မော်ဒန်ပန်းချီ ဆရာကြီးတစ်ဦးဖြစ်တဲ့ သူငယ်ချင်းခင်မောင်ရင်ဟာ ပန်းချီကားတွေ အများကြီးမှ အများကြီး ရေးဆွဲပြီး ကွယ်လွန်သွားရှာပါတယ်။ သူရိုက်ကူးခဲ့တဲ့နှမလက်လျှော့ နေလေတော့ ဇာတ်ကားထုပ်ကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းမသိတော့ပါ။ ။