နမ့်ဆန်၌ တအာင်း(ပလောင်) စာပေသင်တန်း ဖွင့်လှစ်သင်ကြား

နမ့်ဆန် ၁၆ ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်တအာင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီကကြီးမှူး၍ တအာင်း(ပလောင်) စာပေသင်တန်း (၂/၂၁၀၈) ကို ယမန်နေ့က မြို့မကျက်သရေ ခန်းမဆောင်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

 

 

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးစောလွင်၊ တအာင်းစာပေနည်းပြဆရာ ဦးစံအေးတို့က အမှာစကားပြောကြားပြီး မြို့နယ်တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဘသောင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းသည်။ 

 

 

တအာင်းစာပေသင်တန်းတွင် တအာင်းစာပေ တိုးတက်ပြန့်ပွားလာစေရန်အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ တအာင်းစာပေကို လေ့လာသင်ကြားလိုသူများ မည်သူမဆိုတက်ရောက် သင်ကြားနိုင်ပြီး ဝါရင့်နည်းပြဆရာများဖြင့် အခြေခံတအာင်းစာပေ အခန်း(၁)၊ (၂)တို့ကို အဓိကထား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ယခုသင်တန်းတွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများ၊ ကျေးရွာအသီးသီးမှ တအာင်းစာပေကို လေ့လာသင်ကြားလိုသူများ စုစုပေါင်း သင်တန်းသား (၂၁၆)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ (၁၆)ရက်ခန့် သင်ကြားပေးသွားမည်ဟု သိရသည်။

 

ဦးအောင်မိုး (နမ့်ဆန် ပြန်/ဆက်)