နမ့်ဆန်၌ အမျိုးသမီးတစ်ဦး လက်ဖက်ခူးသွားရင်း မိုင်းနင်းမိ၍  ဒဏ်ရာရ

နမ့်ဆန် ၂၁ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဟိုချောင်းကျေးရွာ ၂ (ခ)ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် လက်ဖက်ခူးရန်သွားစဉ် လက်ဖက်ခြံရှိ လမ်းဘေးတွင် ထောင်ထားသော မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ ခန့်က နမ့်ဆန်မြို့နယ်၏ အနောက်တောင်ဘက် ကယားလမ်းကျေးရွာအုပ်စု ဟိုချောင်းကျေးရွာ ၂(ခ)ရပ်ကွက်တွင် နေထိုင်သော ဒေါ်နွဲ့ရီနှင့် လက်ဖက်ခူးဖော်(၆)ယောက်တို့သည် တောက်ရိုးဘုရားအောက်တွင်ရှိသော လက်ဖက်ခြံသို့ လက်ဖက်ခူးရန် သွားရောက်စဉ် လမ်းဘေးထောင်ထားသော မြေမြုပ်မိုင်းအားနင်းမိ၍ ဒေါ်နွဲ့ရီမှာ ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူ ဒေါ်နွဲ့ရီအား  ဟိုချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဆိုင်က နမ့်ခေးကျေးရွာမှ ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးကာ ဆေးကုသမှုခံယူစေလျှက်ရှိကြောင်း သိရသည်။


    
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)