နမ့်ဆန်မြို့ လွယ်ပျက်ကျေးရွာ၌ သံဃာတော်(၃)ပါး  သီတင်းကျွတ် သံဃာပူဇော်ပွဲသွားစဉ် မိုင်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရ

နမ့်ဆန်     ၁၅   အောက်တိုဘာ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် နမ့်တွေအုပ်စု လွယ်ပျက်ကျေးရွာ တွင် မန္တလေးဗုဒ္ဓတက္ကသိုလ်စာသင်တိုက်မှ စာသင်ကြားလျှက်ရှိသော သံဃာ(၃)ပါးသည် ကျောင်းပိတ်ရက် အတွင်း လွယ်ခလေးကျေးရွာတွင်ပြုလုပ်သည့် သံဃာတော်ပူဇော်ပွဲသို့ သွားစဉ် လမ်းဘေးလက်ဖက်ခြံတွင် ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါ သံဃာတော်(၃)ပါး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် ည ၇နာရီခန့်တွင် မန္တလေးဗုဒ္ဓတက္ကသိုလ်၌ စာသင်ကြား လျက်ရှိသော သံဃာတော်(၃)ပါးသည် ကျောင်းပိတ်ရက်တွင် လွယ်ခလေးကျေးရွာတွင် ပြုလုပ်သည့် သံဃာတော်ပူဇော်ပွဲသို့သွားစဉ် နမ့်ဆန်မြို့နယ် နမ့်တွေအုပ်စု လွယ်ပျက်ကျေးရွာရှိ ကားလမ်းဘေး လက်ဖက်ခြံ အစပ်မှ မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

 

မိုင်းပေါက်ကွဲမှုကြောင့် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြို့မတော်နေ ဦးသောဘိတ (၂၈)နှစ် ဝါတော်(၈)ဝါမှ ရင်ဘတ်၊ ယာလက်ချောင်း မိုင်းစထိမှန် ပေါက်ပြဲဒဏ်ရာ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ လွယ်ခလေးကျေးရွာနေ အရှင်ခေမိန္ဒ၊ ၂၆ နှစ် ဝါတော်(၆)ဝါမှ ယာခြေသလုံး၊ ယာခြေဖမိုး မိုင်းစထိမှန်ပေါက်ပြဲဒဏ်ရာနှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာနေ အရှင်စန္ဒိမာ ၂၇ နှစ် ဝါတော်(၇)ဝါမှ ယာနားရွက်၊ ယာပေါင်၊ ယာလက်ကောက်ဝတ်၊ ယာခြေဖမိုးတို့တွင် မိုင်းစ ထိမှန်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) အသီးသီး ရရှိခဲ့ကြောင်းသိရသည်။

 

ဒဏ်ရာရ သံဃာတော်(၃)ပါးအား ကျောက်မဲမြို့ အိုမ်တမောဝ် လူမှုကူညီရေးအသင်းမှ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသ မှုများ ခံယူလျှက်ရှိကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)