နှလုံးသားထဲက ပြည်ထောင်စုသား

 

၁၇ အောက်တိုဘာ

နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်ကြာစွာတည်ရှိနေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်လျက်ရှိသည်။ ဤပြည်ထောင်စုတွင် ပထဝီအနေအထား၊ အသွေးအရောင်များ၊ ကွဲပြားသော်လည်း တစုတစည်းတည်း စုပေါင်းနေထိုင်သည့် ပုံရိပ်သွင်ပြင်များသည် ပန်းပေါင်းစုံဖူးပွင့်ဝေဆာနေသော ဥယျာဉ်ကြီးသဖွယ် ပြက်ပြက်ထင်ထင် စီကာစဉ်ကာမြင်တွေ့နေရသည်။

ဤပြည်ထောင်စုကြီးအတွင်းမှ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် သွေးမတော်သားမစပ်သည့် တိုင်းတစ်ပါးသားများ မဟုတ်ကြပေ။ကျွန်ုပ်တို့၏ တိုင်းရင်းသား လူမျိုးများ မူလဆင်းသက်လာပုံ ဇာစ်မြစ်များကို စေ့ငုကြည့်မည်ဆိုပါက မျိုးတူသွေးတူ၊ တစ်နွယ်တည်းသော လူမျိုးနွယ်မှ ဆင်းသက်လာကြောင်းကို တွေ့ရှိနိုင်သည်။ ရေမြေသဘာဝနှင့် လူမျိုးစုကွဲပြားမှုကြောင့် အသွေးအရောင်၊ ယဉ်ကျေးမှုဓလေ့နှင့် ဘာသာစကားမတူသော်လည်း မျိုးနွယ်တစ်ခုတည်း ဖြစ်သည်မှာအမှန်ဖြစ်သည်။

လောကတွင် "သွေးကစကားပြောသည် " ဟူသောဆိုရိုးစကားရှိသည်။ " အရေးကြီးလျှင် သွေးနီးသည်" " အရေးကြုံလျှင် သွေးဆုံသည် " "သွေး သားချင်းရိုင်းပင်း" စသည့် ဆွေမျိုးသား ချင်းဆိုင်ရာ စကားပုံများလည်းရှိသည်။ မိသားစုသွေး၊ ရပ်သွေး၊ ရွာသွေး၊ ပြည်ထောင်စု သွေးစသည်ဖြင့် သွေးနီးရာတူရာလိုက်၍ ဇာတိမာန်ပြကြသည်။ တိုင်းတစ်ပါးသားတို့သည် ကျွန်ုပ်တို့နှင့် သွေးသားမတော်စပ်ကြသဖြင့် မည်မျှအရေးကြုံကြုံ တုန်လှုပ်ခြင်း အလျှင်းမရှိပေ။

ကချင်၊ ကယား ၊ ကရင်၊ ချင်း၊ မွန် ၊ ဗမာ ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများသည် အနှံဆွေမျိုး သားချင်းများဖြစ်၍ အရေးကြုံလျှင်၊ အကြောင်းရှိလျှင် သွေးစည်းတတ်ကြသည့် သက်သေ သာဓကများရှိသည်။ အထူးသဖြင့် တိုင်းတစ်ပါးသားများနှင့် ယှဉ်လျှင် ဇာတိမာန်စိတ် နိုးထလာကြသည်။ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းကြောင်းတွင် ဖော်ပြပါတိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးအတူလက်တွဲ၍ နယ်ချဲ့တို့ကို ရွပ်ရွပ်ချွံချွံတွန်းလှန် တိုက်ခိုက်ခဲ့သည့် သမိုင်းကြောင်းရှိသည်။ ယင်းသည် အရေးကြီးလျှင် သွေးနီးသည်ကိုပြသလိုက်ခြင်းဖြစ်သည်။

မျက်မှောက်ကာလတွင် တိုင်းရင်းသားအချင်းချင်း သွေးရင်းသားရင်းများဖြစ်ကြောင်း၊ သွေးနီးကြောင်းကို တိုင်းတစ်ပါးနှင့် ယှဉ်သောပြိုင်ပွဲများတွင် မြင်တွေ့နိုင်သည်။ အနီးစပ်ဆုံး အနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကြသော မြန်မာနိုင်ငံသား တိုင်းရင်းသားများအနိုင်ရစေလိုသည့် မြန်မာတစ်မျိုးသားလုံး၏ စိတ်ဓာတ်ဖြစ်သည်။ လွန်ခဲ့သည့်ရက်က - ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပသည့် 100 century ပြိုင်ပွဲ လိုက်ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံဆု ဗိုလ်လုပွဲ၌ မြန်မာကစားသမား အောင်လအန်ဆန်က စိန်ခေါ်သူ ဘရန်ဒန်ဗီရာကို အနိုင်ယူသောအခါ မြန်မာတစ်မျိုးသားလုံး တစ်ခဲနက် ဝမ်းမြောက်ဝမ်းသာ အားပေးမှုများသည် သွေးရင်းသားရင်းဖြစ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။

အောင်ပွဲခံသူ အောင်လအန်ဆန်သည် ကချင်တိုင်းရင်းသားဖြစ်၍ ကချင်လူမျိုးများက တစ်ခဲနက်အားပေးပြီး ဂုဏ်ယူဝမ်းမြောက်ကြမည်ဖြစ်သလို ကျန်သည့် ရှမ်း၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ဗမာတိုင်းရင်းသား အားလုံးတို့ကလည်း ဤသည်မှာ မြန်မာဟူသော တစ်သွေးတည်း တစ်သားတည်း ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်ဖြင့် တညီတညွတ် တည်း အားပေးခဲ့ကြသည့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကြောင့်ပင်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာဟူသည် တိုင်းရင်းသားလူမျိုးအားလုံး စုပေါင်းနေထိုင်ကြသော ပြည်ထောင်စု ကြီးအတွင်းမှ တစ်သွေးတည်း တစ်သားတည်း ညီအစ်ကိုမောင်နှမများ ဖြစ်သည်နှင့်အညီ အရေးကြုံလျှင် သွေးဆုံကြ၊ အရေးကြီးလျှင် သွေးစည်းကြသည့် နှလုံးသားထဲက ပြည်ထောင်စု သားများပင် ဖြစ်ပါသတည်း။

ကြေးမုံ