နှလုံးရည်ဖြင့် အဖြေရှာ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတော်အစိုးရ၏  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဤသို့ဆိုခဲ့ဖူးသည်။ NCA သည် မိမိတို့အတွက် အားသာချက်ဖြစ်ကြောင်း၊ NCA တွင် လက်မှတ်ရေးထိုးခဲ့သည့်အတွက် ရလာသည့် ရလဒ်အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရန် လမ်းစရလာခဲ့ကြောင်း၊ အထူးသဖြင့် တိုင်းပြည်တွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တိုင်းရင်းသားအင်အားစု အားလုံးကရော ပြည်သူတစ်ရပ်လုံးကပါ လိုလားကြကြောင်း၊ အနာဂတ် ပြည်ထောင်စုကို မည်သို့မည်ပုံဖွဲ့စည်းသွားမည်ကို ယခင်က ပြောဆိုခွင့်မရှိခဲ့ သော်လည်း ယခုအခါ တစ်နိုင်ငံလုံးတွင် လွတ်လွတ်လပ်လပ်ဆွေးနွေး တိုင်ပင်ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ရေးသည် နိုင်ငံရေးကို အခြားနည်းလမ်းဖြင့် ဖြေရှင်းခြင်းဖြစ်သည်ဟု ဆိုကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရေး ပဋိပက္ခမှာ ဆယ်စုနှစ်များစွာ သက်တမ်းရှည်ကြာခဲ့ပြီဖြစ်သည်။ စစ်ရေးနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်း နေမည်ဆိုပါက နှစ်ပေါင်း ၁၀ဝ ကြာသည့်တိုင် အဖြေပေါ်မည်မဟုတ်။ ဖြေရှင်းနိုင်ဖွယ်မမြင်။ သို့ဖြစ်သည့် အလျောက် လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့တို့က NCA တွင် ပါဝင်လက်မှတ်ရေးထိုးကာ နိုင်ငံရေးစားပွဲဝိုင်းဆီသို့ ရောက်ရှိလာကြသည်။  လက်ရုံးရည်ကိုစွန့်ကာ နှလုံးရည်သို့ မျက်နှာမူလာကြသည်။ သို့ရာတွင် လက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့တို့မှာ အကြောင်းကြောင်းကို အကြောင်းပြု၍ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုသေး။ အဖွဲ့အစည်းတစ်ခုချင်းစီအနေဖြင့် မည်သည့်အကြောင်းကို အရင်းခံသည်ဖြစ်စေကာမူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မပါဝင်ခြင်းဟူသော အကြောင်းတရားကြောင့် နိုင်ငံ၏နယ်မြေဒေသအချို့တွင် ပစ်ခတ် တိုက်ခိုက်မှုများ၊ တိုက်ပွဲများက မလွှဲမရှောင်သာ ဆက်လက်ဖြစ်ပွားနေခဲ့ သည်။ တိုက်ပွဲဖြစ်ပွားရာ နယ်မြေများအတွင်းမှ မြေစာပင်ဖြစ်သော အပြစ်မဲ့ပြည်သူများမှာ စစ်ဘေးဒုက္ခသည်များဘဝ ကျရောက်ခဲ့ရပြီး စစ်ရှောင်စခန်းများတွင် အနေကြာနေခဲ့ရသည်။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များမှာ ပိုမို၍ ထိခိုက်ခံစားကြရသည့် သဘောသဘာဝရှိသည့်အလျောက် အတိဒုက္ခရောက်ကြရသည်။ လူငယ် လူရွယ်များ၏ အနာဂတ်များ ပျက်စီးပျောက်ဆုံး ကြရသည်။ နိုင်ငံအနေဖြင့် ထိခိုက်နစ်နာမှုများမှာလည်း ဆိုဖွယ်ရာမရှိအောင် ဆုံးရှုံးရသည်။ စစ်ကြောင့် ပျက်စီးဆုံးရှုံးမှုများတွင် ရုပ်ပိုင်း စိတ်ပိုင်းထိခိုက်ဆုံးရှုံးမှုများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံ့ဂုဏ်သိက္ခာတို့၏ တန်ဖိုးများက ကိန်းဂဏန်းဖြင့် တွက်ချက်ရန်ပင် လွယ်ကူမည်မဟုတ်။

မည်သို့ပင်ဆိုစေ စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းရန် ဆန္ဒရှိကြောင်း (MNTJP / MNDAA)၊ (PSLF/ TNLA)၊ (ULA/AA) အဖွဲ့တို့၏ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်သည်လည်းကောင်း၊ အဆိုပါကြေညာချက်အား လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း ယင်းနေ့တွင်ပင် ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ခြင်းသည် လည်းကောင်း၊ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားနိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်သည်လည်းကောင်း၊ အဆိုပါထုတ်ပြန်ချက်ကို ကြိုဆိုသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ သတင်းထုတ်ပြန်ချက်သည်လည်းကောင်း ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေကြသည့် ပြည်သူတို့အတွက် သတင်းကောင်းများပင် ဖြစ်သည်။

ပြည်သူတို့၏ မျှော်လင့်ချက်များကို ဆက်လက်ရှင်သန်စေပြီး လက်နက်ကိုင်ပဋိပက္ခများကို စွန့်လွှတ်ကာ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းတွင် အဖြေရှာပြီး ထာဝရငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စုကြီးကို ထူထောင်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း