နို့ဦးရည်နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ ။ ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မွေးကင်းစကလေးတွေ အတွက် နို့ဦးရည်က ပထမဆုံးနဲ့ အရေးကြီးဆုံး အာဟာရတစ်ခုပါ။ နို့ဦးရည်ကကောင်းတယ်ဆိုတဲ့ အကြောင်း အားလုံးသိကြပါတယ်။ ဒီလို ကလေးအတွက်ကောင်းတယ်ဆိုတာထက် နို့ဦးရည်အကြောင်း ပိုပြီး သိသင့်တာလေးတွေ ရှိပါတယ်။

နို့ဦးရည်ဆိုတာဘာလဲ ။ ။

နို့ဦးရည်ဆိုတာ ကောင်းတာလောက်ပဲ သိထားကြပြီး နောက်ပိုင်းထွက်လာတဲ့ မိခင်နို့ကို နို့ဦးရည်ထက် ပိုပြီး စိတ်ဝင်စားကြတဲ့သူများပါတယ်။ နို့ဦးရည်ဆိုတာ အဝါဖျော့ရောင်ရှိတဲ့ အရည်ပျစ်ပျစ်တွေပါ။ သူ့မှာကလေးရဲ့ ခုခံအားအတွက် အရေးအကြီးဆုံးဖြစ်တဲ့ IgA, lactoferrin, leukocytes နဲ့ lactose တို့အဓိကပါဝင်ပြီး ခုမှ စပြီး မွေးဖွားလာတဲ့ ကလေးရဲ့ ခုခံအားကို အားဖြည့်ပေးတဲ့ မရှိမဖဖြစ် အရာတစ်ခုပါ။

နို့ဦးရည်က ဘယ်အချိန်မှ စထွက်လာတာလဲ။ ။

လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။ တစ်ချို့မှာ နို့ဦးရည်က ကိုယ်ဝန်ပထမ ၃ လမှာတည်းက ထွက်တတ်ပြီး တချို့တွေမှာတော့ ကိုယ်ဝန်နောက်ဆုံးလလောက်မှ စပြီး ထွက်တတ်ကြပါတယ်။ နို့ဦးရည် စထွက်ပြီလား မထွက်သေးဘူးလားသိချင်ရင်  ညှစ်ကြည့်လို့ရပါတယ်။ ညှစ်လိုက်တာတောင် မထွက်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ မီးဖွားပြီးတဲ့အချိန်ကျရင် နို့ဦးရည် ထွက်ကိုထွက်လာပါတယ်။

နို့ဦးရည်က ဘယ်လောက်ကြာကြာ ထွက်တတ်လဲ ။

မီးဖွားပြီးစအချိန်ကနေ နောက်ပိုင်း ၅ ရက်လောက်အထိထွက်တဲ့ နို့ရည်အားလုံးဟာ နို့ဦးရည်ပါ။ ၆ ရက်မြောက်လောက်မှ ထွက်တဲ့ နို့ရည်ကို  transitional milk လို့ခေါ်ပါတယ်။ နို့ဦးရည်နဲ့ မိခင်နို့ကြားထဲက အဆင့်လေးပေါ့။ သူက ၂ပတ်လောက်အထိကြာကြာထွက်ပြီး နောက်ပိုင်းမှာတော့ ပုံမှန် မိခင်နို့အဖြစ်ပြောင်းသွားပါတယ်။

စစချင်းနို့တိုက်တဲ့အချိန်မှာ ကလေးမဝဘူးလို့ ခံစားနေရတယ် ။

မီးဖွားပြီး ၂၄နာရီအတွင်းမှာ နို့ဦးရည် တစ်အောင်စလောက်ပဲ ထွက်တာကြောင့် ကလေးနို့မဝလောက်ဘူးလို့ မထင်လိုက်ပါနဲ့။ မီးဖွားပြီးစအချိန်မှာ ကလေးအစာအိမ်လေးက ဖန်ဂေါ်လီလုံးလောက်ပဲ ရှိတာကြောင့် နည်းနည်းလေးနဲ့တင် ဗိုက်ပြည့်ပါတယ်။ နောက်ပြီး နို့ဦးရည်က အာဟာရတွေ အပြည့်ပါတဲ့ နို့ရည်ဖြစ်တာကြောင့် ကလေးအာဟာရမပြည့်မှာလည်းအတွက်လည်း စိတ်ပူစရာ မလိုပါဘူး။

နို့ဦးရည်နဲ့  မိခင်နို့ဘာကွာခြားလဲ ။ ။

မိခင်နို့မှာ နို့ဦးရည်မှာထက်စာရင် ခုခံအတွက် အားပေးတဲ့ အာဟာရဓာတ်တွေ အများကြီးပါပါတယ်။ မြင်လွယ်အောင်ပြောရရင် နို့ဦးရည်က ခုခံအားကောင်းအောင် စတည်ထောင်ပေးတဲ့သူဖြစ်ပြီး မိခင်နို့ကတော့ ကောင်းနေတဲ့ခုခံအားကို အာဟာရတွေ ဆက်ပေးနေတဲ့ အရာနဲ့ တူပါတယ်။ နောက်ပြီး နို့ဦးရည်မှာ ပရိုတင်းနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ပိုများပြီး သကြားနဲ့ အဆီဓာတ်ကျတော့ မိခင်နို့ထက်နည်းပါတယ်။

နို့ဦးရည်က ကလေးအတွက်တကယ်ကောင်းရဲ့လား ။

နို့ဦးရည်ဆိုတာ ကလေးအတွက် ကောင်းတယ်ဆိုတာထက်တောင် ပိုကောင်းတဲ့ နို့ရည်တစ်ခုပါ။ ဘယ်မှာမှာ မရနိုင်တဲ့ ကလေးအတွက်အရေးကြီးဆုံး အာဟာရတွေ တစ်စုတစ်စည်းတည်းပါဝင်နေတာ နို့ဦးရည်ပါ။

ကလေးကို မိခင်နို့မတိုက်ဖို့ စီစဉ်ထားတယ်ဆိုရင်။ ။

ကလေးကို နို့တိုက်ဖို့ မစီစဉ်ထားဘူး နို့ဘူးပဲ တိုက်မယ်ဆိုရင်တောင် နို့ဦးရည်လေးတော့ အရင်တိုက်သင့်ပါတယ်။ နောက်ပိုင်းကျမှ နို့ဘူးပဲ ပြောင်းပြောင်း၊ မိခင်နို့ပဲတိုက်တိုက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တိုက်ပါ။

နို့ဦးရည်မှာ ဘယ်လို အကျိုးကျေးဇူးတွေ များရှိလဲ ။

မွေးကင်းစကလေးတွေ ရဲ့ အူကို အားကောင်းစေပြီး ရောဂါပိုးတွေကနေ ကာကွယ်ပေးပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်ရှင်းပေးပါတယ်။

ခုခံအားကို ကောင်းမွန်စေပြီး မိခင်ဗိုက်ထဲကနေ အပြင်ရောက်လာတဲ့အခါ တွေ့ရတဲ့ အပူချိန် အပြောင်းအလဲကို ခံနိုင်ရည်ရှိအောင် ကလေးကိုယ်တွင်းအပူချိန်နဲ့ ကိုယ်တွင်းကလီစာတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းညှိပေးပါတယ်။

နို့ဦးရည်မှာ growth factors နှစ်ခုဖြစ်တဲ့ alpha and beta အပြင် insulin-like growth factors 1 and 2 ပါပါတဲ့အတွက် ကိုယ်ခန္ဓာကကြွက်သားတွေ၊ အရိုးတွေ ကောင်းကောင်းဖွံ့ဖြိုးဖို့ ကူညီပေးပါတယ်။

မိခင်စားတဲ့အစားအသောက်တွေက နို့ဦးရည် အပေါ်မှာ သက်ရောက်မှုရှိလား ။ ။

မိခင်စားလိုက်တဲ့ အစားအသောက်တွေကြောင့် နို့ဦးရည်ထွက်နှုန်းနဲ့ နို့ဦးရည်မှာပါတဲ့ အာဟာရတွေ ပြောင်းလဲမှုရှိတတ်ပါတယ်။ ဒါ့ကြောင့် နို့တိုက်နေချိန်မှာ မိခင်တစ်ယောက်အနေနဲ့ အစားအသောက်တွေ ဆင်ခြင်ပေးဖို့လိုတာပါ။ ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”