နိုင်ပွဲရရှိရေး ဉီးတည်လာမည့် မန်ယူကို စပါးဟန့်တားနိုင်မလား

အောက်တိုဘာ ၃၀

စပါးအသင်းဟာ ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဘန်လေအသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း အသင်းကစားသမားတွေ့ရဲ့ စွမ်းဆောင်ရည်ကိုကြည့်ရင် အားရစရာ မရှိပါဘူး။ အထူးသဖြင့် ဟယ်ရီကိန်းဦးဆောင်တဲ့ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်ရှိနေပြီး နောက်ဆုံးသုံးပွဲမှာ တစ်ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ အားပျော့နေပါတယ်။ ပြိုင်ဘက်မန်ယူအသင်းကလည်း ပရီမီယာလိဂ်မှာ လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး သုံးပွဲအထိ ရှုံးပွဲကြုံတွေ့ထားပါတယ်။ ဒါ့အပြင် မန်ယူအသင်းရဲ့ ခံစစ်ဟာ နောက်ဆုံးသုံးပွဲမှာ ၁၁ ဂိုးအထိ ခွင့်ပြုပေးခဲ့ရပြီး စီရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်ကလည်း ငါးဂိုးသာ ရှိထားပါတယ်။

နှစ်သင်းကြား ရမှတ်ကွာဟမှု တစ်မှတ်သာရှိ

ဒီနှစ်သင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုမှာတော့ အဆင့် (၆) နဲ့ (၇) မှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ဒီနှစ်သင်းရဲ့ ရမှတ်ကွာဟမှုကလည်း တစ်မှတ်သာရှိတာကြောင့် ယခုပွဲစဉ်က ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

ယမန်နှစ်က စပါးအသင်းနဲ့ မန်ယူအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်ကိုကြည့်ရင် မန်ယူအိမ်ကွင်းမှာ ခြောက်ဂိုးတစ်ဂိုးနဲ့ စပါးအသင်းက အနိုင်ရရှိထားပြီး စပါးအိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ မန်ယူက ပြန်လည်အနိုင်ရရှိထားပါတယ်။

ရလဒ်ဆိုးရွားမှုကြောင့် ဖိအားများနေ

မန်ယူအသင်းအနေနဲ့ ယခုပွဲစဉ်ပြီးရင် အတ္တလန္တာ၊ မန်စီးတီး စတဲ့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရမှာပါ။ ဒါကြောင့် ရလဒ်ဆိုးရွားမှုကြောင့် ဖိအားများနေတဲ့ နည်းပြ ဆိုးလ်ရှားအနေနဲ့ ယခုပွဲစဉ်မှာ လူစုံထုတ်ကာ စပါးအသင်းကို ရင်ဆိုင်လာမလား စိတ်ဝင်စားဖွယ်ရာပါ။ မည်သို့ပင်ဆိုစေ နှစ်သင်းစလုံးနိုင်ပွဲရရှိရေး အကောင်းဆုံးပြင်ဆင်လာမှာဖြစ်သော်လည်း စပါးအသင်းထက် မဖြစ်မနေနိုင်ပွဲရရှိဖို့ လိုအပ်နေတဲ့ မန်ယူအသင်းအနေနဲ့ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်စတာ နှင့်အာဆင်နယ်

ခြေရည်တူနှစ်သင်းတွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တာကြောင့် အကြိတ်အနယ်ရှိပြီး ပြိုင်ဆိုင် မှုပြင်းထန်လာဖွယ်ရှိပါတယ်။ ယခုပွဲစဉ်မတိုင်မီ နှစ်သင်းစလုံး ပွဲကစားရထားတာကြောင့် ပွဲပန်းနေနိုင်ပါတယ်။ ယမန်နှစ်က တွေ့ဆုံခဲ့တဲ့လက်စတာအိမ်ကွင်းမှာတော့ အာဆင်နယ်အသင်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ပွဲစဉ် (၉) အပြီးမှာ နှစ်သင်းစလုံး ရမှတ် ၁၄ မှတ်စီ ရရှိထားပြီး ကြားရက်မှာကစားခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာ နှစ်သင်းစလုံး နောက်တစ်ဆင့်တက်ရောက်ထား နိုင်တဲ့အတွက် ယခုပွဲစဉ်ကို အာရုံစိုက်ပြင်ဆင်လာဖွယ် ရှိတာကြောင့် ဘယ်အသင်းက ရလဒ်ကောင်းပိုင်ဆိုင်သွားမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မိုးဇက်