နိုင်ပွဲရခဲ့သည့် ရှမ်းယူနိုက်တက် ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးရောက်လာ

နေပြည်တော် ၇ ဧပြီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက်၊ ဟံသာဝတီနှင့် ရန်ကုန်အသင်းတို့ နိုင်ပွဲရခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက မကွေးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဧရာဝတီ-ဟံသာဝတီပွဲရလဒ်ကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ဟံသာဝတီအသင်း၏ အရှုံးရလဒ်ကြောင့် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။ မကွေးအသင်း၏ ရုန်းကန်မှုကြောင့် ရှမ်းယူနိုက်တက်အသင်းသည် အနိုင်ရသော်လည်း ခက်ခက်ခဲခဲ ကစားခဲ့ရသည်။

 

ရှမ်းယူနိုက်တက်အသင်း၏ ပွဲထွက်လူစာရင်းတွင် ဒဏ်ရာရကစားသမားများမှလွဲ၍ လူစုံပါဝင်ခဲ့ပြီး ပြည်တွင်း ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မကွေးအသင်းမှာလည်း ဝင်းမိုးကျော်၊ စိုးလွင်လွင်တို့ ဦးဆောင်ယှဉ်ပြိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း မကွေးအသင်း၏ ခံစစ်ကစားပုံကြောင့် ကစားရခက်ခဲခဲ့သလို တိုက်စစ်တွဲလုံးများမှာလည်း လွဲချော်နေ၍ ပထမပိုင်းတွင် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ မကွေးအသင်းသည် ခပ်မာမာတုံ့ပြန်ကစားခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်း စိတ်ကြိုက်ထိုးဖောက်ခွင့် မရခဲ့ပေ။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက တိုက်စစ်မြင့်လာပြီး ၆၄ မိနစ်တွင် အနိုင်ဂိုးရခဲ့သည်။ ယင်းဂိုးကို ကွင်းလယ်တိုက်စစ်ကစားသမား ဂူစတာဗိုက ခေါင်းတိုက်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မကွေးအသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားခဲ့သည်။

 

ပုသိမ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ဟံသာဝတီအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် နည်းပြဦးမျိုးလှိုင်ဝင်းလက်ထက်တွင် ရလဒ်ကောင်းများရရှိနေပြီး အိမ်ကွင်းပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းမှာမူ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်ရန် ကြိုးပမ်းသော်လည်း ရှုံးပွဲကြုံတွေ့ကာ ထိပ်ဆုံးမှ ဖယ်ပေးခဲ့ရသည်။ ဧရာဝတီအသင်းအတွက် ဂိုးများကို ၇ မိနစ်တွင် မာတူနာ၊ ၁၆၊ ၉၀+၂ မိနစ်တွင် အောင်ကျော်နိုင်တို့က သွင်းယူခဲ့ပြီး ဟံသာဝတီအတွက် ချေပဂိုးတစ်ဂိုးကို ၂၆ မိနစ်တွင် အောင်မျိုးသူရက သွင်းယူခဲ့သည်။ YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက Southern အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းသည် အိမ်ကွင်း၌ နိုင်ပွဲပြန်ရခဲ့ပြီး ဂိုးပြတ်နိုင်ပွဲပါ ရယူနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ၁၂ မိနစ်တွင် ဆယ်လာ၊ ၁၆ မိနစ်တွင် မောင်မောင်လွင်၊ ၃၆၊ ၆၆ မိနစ်တွင် စိုးမင်းနိုင်က သွင်းယူခဲ့သည်။ ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်နှင့် Chinland အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။

 

ပွဲစဉ် (၇) အပြီးတွင် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့က ၁၅ မှတ်စီ၊ ရတနာပုံအသင်းက ၁၄ မှတ်၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းက ၁၃ မှတ်စီ၊ စစ်ကိုင်းအသင်းက ၁၂ မှတ်၊ ရခိုင်အသင်းက ၁၀ မှတ်၊ Southern အသင်းက ခုနစ်မှတ်၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ မကွေးအသင်းက လေးမှတ်၊ ဒဂုံအသင်းက သုံးမှတ်၊ Chinland အသင်းက နှစ်မှတ်ရထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ဧရာဝတီနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက်အသာကြောင့် ထိပ်ဆုံးနေရာတွင် ဦးဆောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်