နိုင်ငံ့ဝန်ထမ်းများ၏ အပြောင်းအရွှေ့ကိစ္စနှင့် ရာထူးတိုးကိစ္စများနှင့်စပ်လျဉ်းပြီး စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း

နေပြည်တော် ၁၅ ဇွန်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏ နယ်စပ်ဒေသနှင့် နယ်စွန်နယ်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ အပြောင်းအရွေ့ကိစ္စများနှင့် ရာထူးတိုးကိစ္စများကို ဦးစားပေး စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

 

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း က ဝန်ကြီးဌာန အများစုမှ နယ်စပ်ဒေသနှင့် နယ်စွန်နယ်ဖျားများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ပြောင်းရွှေ့ရေး မူဝါဒအဖြစ် အများဆုံး ၂နှစ်၊ အနည်းဆုံး ၁နှစ် သတ်မှတ်၍ ဆောင်ရွက်ပေးလျက်ရှိသည့် အပြင်ဝန်ထမ်း၏ မိသားစုအခက်အခဲ၊ လူမှုရေးအခက်အခဲများကြောင့် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခွင့်ပြုရန် ဆန္ဒပြု လျှောက်ထားလာပါက လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင် လိုသော ဒေသတွင် နေရာလစ်လပ်မှု မရှိပါက အနီးစပ်ဆုံး ဒေသတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်ကို ဝန်ကြီးဌာနများမှ ဖြေကြားချက်များ ပေးပို့လာပါကြောင်း။

 

ရာထူးတိုးကိစ္စများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် တစ်ပြေးညီ လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ပုဒ်မ ၂၃မှ ပုဒ်မ ၃၀ အထိလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများတွင် နည်းဥပဒေ ၂၆ မှ နည်းဥပဒေ ၅၀အထိလည်းကောင်း တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ဝန်ထမ်းသည် ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည် အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်နိုင်သည်ဟု ယုံကြည်ကျေနပ်မှု ရှိပါက သတ်မှတ်ချက်များနှင့်အညီ လစ်လပ်ရာထူး နေရာများ၌ ရာထူးတိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည့်အပြင် အရည်အချင်းနှင့် လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားမှုအပေါ် မူတည်၍ သက်ဆိုင်ရာ အရည်အချင်းစစ်ဆေးရေး အဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်မြှောက်စားသည့်အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကိုလည်း  ခံစားပိုင်ခွင့် ရှိပါကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှလည်း တာဝန်ယူမှု၊ တာဝန်ထမ်းဆောင်မှု အရည်အချင်းများအပေါ် မူတည်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဖြေကြားသည်။

 

သတင်းစဉ်