နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်း ဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ၁၈   နိုဝင်ဘာ 

အာဆီယံအသိုက်အဝန်းမဏ္ဍိုင် မျှော်မှန်းချက် ၂၀၂၅ နှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တို့ကို နားလည်သဘောပေါက်နိုင်စွမ်းမြှင့်တင်ရန် အတွက် နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်း ဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းက ၂၀၁၇ ခုနှစ် တွင် မြန်မာနိုင်ငံသည် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေးအတွက် မဟာဗျူဟာမြောက် လုပ်ငန်းစဉ် (၂၀၁၇-၂၀၂၀)ကို တူညီသော အခြေခံမူများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး အကောင်အထည်ဖော်မှု (၂)နှစ်တာကာလအတွင်း တိုးတက်မှုများစွာ ရရှိလာပြီဖြစ်ပါကြောင်း၊ ယင်းပြုပြင်ပြောင်းလဲမှု၌ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်စေရေးနှင့် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု ရရှိမြှင့်တင်ရေးတို့မှတစ် ဆင့် ကျင့်ဝတ်လိုက်နာသော၊ အရည်အသွေးနှင့်စွမ်းဆောင်ရည်အခြေပြုသော၊ ပူးပေါင်း ပါဝင်မှုရှိသော၊ မဆိုင်းမတွတုံ့ပြန်မှုရှိသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်ပေါ်လာစေရေးကို အထူးအလေးပေးထားပါကြောင်း။

နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်းသည် စွမ်းဆောင်ရည်၊ မျှတမှုနှင့်ပူးပေါင်းပါဝင်နိုင်မှုအခြေခံတန်ဖိုး များ ရရှိလာစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်သိက္ခာနှင့် အပြုအမူများကို မြှင့်တင်ပေးနိုင်မည့် တွန်းအားတစ်ရပ်ဟု ယုံကြည်ပါကြောင်း။

ယင်းယူဆချက်အပေါ် မူတည်၍ ၂၀၁၇ ခုနှစ်၌ မြန်မာနိုင်ငံ အာဆီယံလူ့စွမ်းအား အရင်းအမြစ်ဗဟိုဌာန၏ ပြောင်းလဲခဲ့သော အဓိကလုပ်ငန်းနယ်ပယ်ဖြစ်သည့် နိုင်ငံ့ ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့် တင်ခြင်းမှ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းများအား ပြည်သူကိုဝန်ဆောင်မှုပေးခြင်း၊ အသွင် ကူးပြောင်းမှုပုံစံနှင့် ဆန်းသစ်ခေတ်မီမှုပုံစံများကို ထင်ဟပ်လာစေနိုင်မည်ဖြစ်ပါကြောင်း။

နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အကဲဖြတ် ဆန်းစစ်မှုအတွက် စွမ်းဆောင် ရည်စီမံခန့်ခွဲမှုစနစ်သည် ပျော်ရွှင်သောအလုပ်ခွင်ကို ဖြစ်ပေါ်စေပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များကို တစ်ဦးချင်းမှ အဖွဲ့အစည်း ရည်မှန်းချက်များသို့ ရရှိဖြစ်ပေါ်စေရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အား ဖော်ဆောင်လျက်ရှိ ရာ နိုင်ငံတွင်းငြိမ်းချမ်းရေး၊ ကြွယ်ဝမှုနှင့်ဒီမိုကရေစီစနစ် ခိုင်မာအား ကောင်းလာစေရန် အတွက် ကဏ္ဍကြီး၊ ကဏ္ဍငယ်များအားလုံးကို အမျိုးသားအဆင့် မဟာဗျူဟာတစ်ခု ချမှတ်၍ အဆိုပါအစီအစဉ်ဖြင့် ဖော်ဆောင်လျက်ရှိပါကြောင်း။

ထို့ကြောင့် ဤဖိုရမ်၌ မိမိတို့အနေဖြင့် ပြည်တွင်းပြည်ပနှင့် အာဆီယံဒေသတွင်း အဖွဲ့အစည်းများမှ ပညာရှင်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ ဖိတ်ကြားထား သော နိုင်ငံတကာအသိပညာရှင်၊ အတတ်ပညာရှင်များ၏ လက်တွေ့ကျသော အဖြေ ရှာမှုနည်းလမ်းများဖြင့် အကျိုးကျေးဇူးများစွာကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Director of Human Development Directorate, Ms. Rodora T. Babaran က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ဖိုရမ်ကိုဆက်လက်ကျင်းပရာ “အာဆီယံနိုင်ငံ့ဝန်ထမ်းကဏ္ဍ ဆန်းသစ်တီထွင်မှုများအား အာဆီယံဒေသတွင်းသာမက ဒေသပြင်ပသို့မျှဝေခြင်း” ခေါင်းစဉ်အောက်၌ ဖိလစ်ပိုင်နိုင်ငံ Civil Service Commission မှ Director, Mr. Nelson G. Sarmiento၊ ထိုင်းနိုင်ငံ Office of Civil Service Commission မှ Director, Dr. Pipawin Leesamphandh၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)မှ ပြည်သူ့ဝန်ထမ်း အကယ်ဒမီကျောင်းအုပ်ကြီး (ဒုတိယပါမောက္ခချုပ်)ဒေါက်တာနမ့်ခင်သင်းစုနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်တို့က လည်းကောင်း၊ “အခြား ဒေသတွင်းရှိနိုင်ငံများ၏ နိုင်ငံ့ဝန်ထမ်းကဏ္ဍဆန်းသစ်တီထွင်မှုများမျှဝေခြင်း” ခေါင်းစဉ် အောက်တွင် သြစတြေးလျနိုင်ငံ ပြည်သူ့ဝန်ထမ်း ကော်မရှင်မှ Director, Ms. Susannah Luck၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ Technical Advisor on Public Service Motivation, Ms. Assel Mussagulovaနှင့် University of Rome Tor Vergata မှ Dr. Federico Ceschel (Researcher) တို့ကလည်းကောင်းစာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်။

ထို့နောက် “နိုင်ငံ့ဝန်ထမ်းကဏ္ဍအတွင်း တက်ကြွဖျတ်လတ်ခြင်း၊ ခေါင်းဆောင်မှု စွမ်းရည်ပြည့်ဝခြင်းနှင့် ကဏ္ဍအချင်းချင်းချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်း” ခေါင်းစဉ် အောက်၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ နိုင်ငံရေးသိပ္ပံပညာဌာန ပါမောက္ခ ဦးတင်စိုး၊ သြစတြေးလျနိုင်ငံ ပြည်သူ့ဝန်ထမ်း ကော်မရှင်မှ Director, Ms. Susannah Luck၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)မှ LEAP Project Manager, Ms. Valentina Bianchini နှင့် Expert on Leadership in Civil Service, Dr. John Vong တို့က စာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်။

ယင်းနောက် “နိုင်ငံ့ဝန်ထမ်းများအားလုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွ မှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍအလိုက် လက်တွေ့ကျင့်သုံးသည့် အလေ့ အထများ မျှဝေခြင်းအစီအစဉ်” နှင့် “အလုပ်သမားကဏ္ဍနှင့် ပညာရေးကဏ္ဍတို့၌ တက်ကြွဖျတ်လတ်သော နိုင်ငံ့ဝန်ထမ်းများ ပေါ်ထွန်းလာစေရေးအတွက် ကျင့်သုံးသည့် အလေ့အထကောင်းများ” ခေါင်းစဉ်တို့ကို အင်ဒိုနီးရှားနိုင်ငံ Ministry of Manpowerမှ Representative of Vice-Chair, Ms. Indah Kurnia Lestari ၊အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က ကဏ္ဍအလိုက် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များကိုဆွေးနွေးကြသည်။

နိုင်ငံ့ဝန်ထမ်းများအားလုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်း ဆိုင်ရာဖိုရမ်ကို နိုဝင်ဘာ ၁၉ ရက်အထိ နှစ်ရက်ကြာကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အဆင့်မြင့်အရာရှိများ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းမဏ္ဍိုင်အောက်ရှိ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (ACCSM)နှင့် ဆက်စပ်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ပြည်တွင်း၊ ပြည်ပမှပညာရှင်များ တက်ရောက်ကြသည်။

(သတင်းစဉ်)