နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ကာလတိုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ၁၈  ဇွန်

 

ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်လျက် ကာလတို သင်တန်းများဖြစ်သော အင်္ဂလိပ်စာ အခြေခံသင်တန်း၊ ICT ကျွမ်းကျင်မှုအခြေခံသင်တန်းနှင့် ဥပဒေရေးရာ အခြေခံသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြုပြင်ပြောင်းလဲမှုများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူသားအရင်း အမြစ်များနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အရာထမ်းများ၊ အမှုထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရန် အရေးကြီးပါကြောင်း၊ သို့မှသာဝန်ကြီးဌာန အသီးသီး၏ မျှော်မှန်းချက်ရလဒ်များ အောင်မြင်နိုင်ရန် အရည်အသွေးပြည့်ဝစွာဖြင့် ပူးပေါင်းဆောင်ရွက် နိုင်စွမ်းရှိဖို့လည်း လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား တစ်သက်တာသင်ယူနိုင်မည့် အခွင့်အလမ်းများ၊ အရည်အသွေး မြင့်မားရေး စဉ်ဆက်မပြတ် ဖြည့်ဆည်းသွားရမှာ ဖြစ်ပါကြောင်း၊ သို့ပါ၍ ပညာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရေးအတွက် အင်္ဂလိပ်စာ ဘာသာစကား ကျွမ်းကျင်မှုသင်တန်းများ၊ ICT ကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်း၊ ဥပဒေရေးရာ အခြေခံသင်တန်း စသည်တို့နှင့် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံ၊ ကိုရီးယား ဘာသာ စကားနှင့် ဂျပန်ဘာသာ စကားသင်တန်းများလည်း ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများ အတွက် နေပြည်တော်တွင် ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါ သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ အရာထမ်း အမှုထမ်း ကိုယ်စားလှယ်များ သင်တန်းတစ်ခုတည်း စုပေါင်း တက်ရောက် ခြင်းဖြင့် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုလွယ်ကူ လာစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဝန်ကြီးဌာနအလိုက် သင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး တင်ပြကြသည်။

 

အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)