နိုင်ငံ့ဝန်ထမ်းအိမ်ရာမှ ပြည်သူ့အိမ်ရာသို့ ပြန်လည်ပြောင်းလဲရန်ကိစ္စသည် Sensitive ဖြစ်သည့်အတွက်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာရ ထည့်သွင်းစဉ်းစားရမည်ဖြစ်

နေပြည်တော်  ၂၃  သြဂုတ်

 

နိုင်ငံ့ဝန်ထမ်းအိမ်ရာမှ ပြည်သူ့အိမ်ရာသို့ ပြန်လည်ပြောင်းလဲရန်ကိစ္စသည် Sensitive ဖြစ်သည့်အတွက်ကြောင့် မိမိတို့ဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာရ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ပြောကြားသည်။

 

“ပုသိမ်မြို့လယ်ရှိ ပြည်တော်သာအိမ်ရာ စီမံကိန်းအရ ဆောက်လုပ်ထားသော လေးခန်းတွဲ ၂ ထပ်တိုက် ၂၅ လုံးနှင့် တစ်ထပ်လုံးချင်း ၁၅၀ လုံးအား ဥပဒေနှင့်မညီဘဲ ပြည်သူ့အိမ်ရာမှ ဝန်ထမ်းအိမ်ရာသို့ ပြောင်းလဲသတ်မှတ်ခြင်းအား ဥပဒေနှင့်အညီ ပြည်သူများ၏ဆန္ဒအရ မူလအတိုင်း ပြည်သူ့အိမ်ရာအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ” သိလိုကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ဦးဝေလှိုင်ထွန်း၏ မေးမြန်းမှုကို ဒုတိယဝန်ကြီးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

ဒုတိယဝန်ကြီးက  “ပြည်တော်သာအိမ်ရာအတွင်းရှိ ၁ ထပ်တိုက် လုံးချင်း ၁၅၀ လုံးနှင့် ၄ ခန်းတွဲ ၂ ထပ်တိုက် ၂၅ လုံး၊ စုစုပေါင်း အခန်း ၃၅၀ အား ၁၉၉၄ ခုနှစ် ဇွန် ၂၉ ရက်တွင် ကျင်းပသော ဧရာဝတီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၉၄)အရ ပြည်တော်သာအိမ်ရာအဖြစ်မှ နိုင်ငံ့ဝန်ထမ်း အိမ်ရာအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ ယခုအခါ အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာရှိ အခန်း ၃၅၀ အနက် အခန်း ၁၇၁ ခန်းရှိ ပြည်သူများမှ စုပေါင်း၍ အဆိုပါအိမ်ရာရှိ အခန်း ၁၇၁ ခန်းကို ပြည်တော်သာအိမ်ရာအဖြစ် ပြောင်းလဲပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြလာပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စကို စိစစ်လေ့လာရာတွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာဆိုသည်မှာ နေထိုင်သူဝန်ထမ်းများသည်  အငြိမ်းစားယူသည့်အခါတွင် အိမ်ခန်းမှ ဖယ်ရှားပေးရမည်ဖြစ်ပြီး ပြည်သူ့အိမ်ရာဆိုသည်မှာ အငြိမ်းစားယူပြီးသော်လည်း သားစဉ်မြေးဆက်နေထိုင်၍ရသည့် အိမ်ရာမျိုးဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာမှ ပြည်သူ့အိမ်ရာသို့ ပြန်လည်ပြောင်းလဲရန်ကိစ္စသည် Sensitive ဖြစ်သည့်အတွက်ကြောင့် မိမိတို့ဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာရ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း” ပြောသည်။

 

နိုင်ငံ့ဝန်ထမ်းအိမ်ရာကို ပြည်သူ့အိမ်ရာသို့ ပြောင်းလဲပေးရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မိမိတို့ဝန်ကြီးဌာန ညှိနှိုင်းဆွေးနွေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး၏ သဘောတူညီချက်အရ ပုသိမ်မြို့တွင် ယခင်ပြည်တော်သာအိမ်ရာရှိ အကြောင်းကြောင်းကြောင့် အိမ်လခကောက်ခံခြင်း ရပ်ဆိုင်းထားသော အိမ်ခန်း ၁၇၁ ခန်းကို ပြည်သူ့အိမ်ရာအဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်ပြီး ကျန်အိမ်ခန်း ၁၇၉ ခန်းကို နိုင်ငံ့ဝန်ထမ်းအိမ်ရာအဖြစ် ဆက်လက်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။

 

MDN