နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့်ပြည်တွင်းအစီအမံများ

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစစ ဘက်စုံတိုးတက်ဖွံ့ ဖြိုးရန်အလို့ငှာ ခေတ်ပြောင်းစနစ်ပြောင်းဖို့ ကြိုးစားနေသောအချိန်ဖြစ်သည့်အတွက် နိုင်ငံတကာမှ မိတ်ဆွေများ၊ ကူညီကြမည့်သူများ၊ စီးပွားရေးအရအကျိုးတူလုပ်ကိုင်ရန် လာကြမည့် ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုကြရပါသည်။


အထူးသဖြင့် စီးပွားရေးတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည်ဖြစ်ရကား နိုင်ငံတကာမှ စီးပွားရေးလာရောက်လုပ်ကိုင်ကြမည်ဆိုလျှင် ကြိုးနီစနစ်များကြောင့် ကြန့်ကြာမနေရအောင်၊ အစဉ်အလာ ဥပဒေများကြောင့် အဟန့်အတား ဖြစ်မနေရအောင် ပြည်သူအစိုးရက ဖြေလျှော့မှုများ၊ ပြင်ဆင်ပြောင်းလဲပေးမှုများကို အထူးအစီအစဉ်များဖြင့် ဖော်ဆောင်ပေးလျက်ရှိပါသည်။


ယခုအခါ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံသူများ ရှိလာသကဲ့သို့ကုမ္ပဏီထောင်ကာ ကုန်သွယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကြသူများလည်း ရှိနေကြောင်း သိရပါသည်။ကုမ္ပဏီထူထောင်ကာ အလုပ်လုပ်ကြပြီး ငွေရေးကြေးရေး အရှုပ်အရှင်းများစွာနှင့် လိမ်လည်မှုအနေဖြင့် စွပ်စွဲဆိုခြင်းခံနေရသော နိုင်ငံခြားကုမ္ပဏီများ၏ သတင်းများလည်း ထွက်ပေါ်လာနေသည်ကို သတိပြုမိပါသည်။


နိုင်ငံခြားကလာသည့် ကုမ္ပဏီများ လုပ်ဆောင်မှုများကြောင့်ပြည်တွင်းက ပစ္စည်းသွင်းလုပ်အားထည့်ကြသည့် အကျိုးတူ စီးပွားရေးလုပ်ငန်းရှင်များမှာ ငွေကြေးအရှုပ်အထွေးဗရပွဖြင့် ကျန်ခဲ့ပြီး နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်ဆိုခြင်းမှာ ကောင်းသော လက္ခဏာမဟုတ်ပါ။ အာမခံချက်တစ်စုံတစ်ရာမရှိသော နိုင်ငံခြားမှလာသူများကအထုပ်ပိုက်ကာ ပြန်သွားသည့်အခါ ဘယ်ဆီလိုက်ရမည်မှန်းမသိ၊ အစပျောက်သွားတော့သည်ဆိုခြင်းမှာ မိမိနိုင်ငံသားတို့အတွက် များစွာနစ်နာလှပါသည်။


ထိုနည်းတူစွာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုသည်ဆိုခြင်းမှာပြည်တွင်း၌ ငွေကြေးအကျိုးအမြတ်ရရှိရေးအတွက် သက်သက်၊ အခွန်အတုတ်ရရေး သက်သက်သာမကဘဲ နိုင်ငံတကာနည်းပညာ၊ ခေတ်မီအလုပ်အကိုင်စီမံခန့်ခွဲပုံ စသည့်ပညာရပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်းဆိုင်ရာ အတုယူဖွယ်ရာတို့ကိုပါ လွှဲပြောင်းရယူနိုင်ရန် ရည်ရွယ်ရန် လိုပါသည်။


ဥပမာအားဖြင့် ထိုင်းနိုင်ငံ၌ ၁၉၈၀ ကျော် ၉၀ ကျော် ကာလများတွင်မိုးထိမြင့် အဆောက်အအုံကြီးများကို နိုင်ငံခြားကုမ္ပဏီများက တာဝန်ယူဆောက်လုပ်ခဲ့ကြရာ ထိုင်းနိုင်ငံက ပညာရှင်များ၊ ဌာနေ အလုပ်သမားများ မည်ရွေ့မည်မျှပါဝင်ရမည်ဟူသော ကန့်သတ်ချက်များဖြင့် ခွင့်ပြုခဲ့ပါသည်။ ၂၀ဝ၀ ပြည့်နှစ်တွင် အသစ်အသစ်သော မိုးထိအဆောက်အအုံများကို နိုင်ငံခြားသားပညာရှင်လုံးဝမပါဘဲ ထိုင်းနိုင်ငံသားပညာရှင် များသာ ပါဝင်သည့်အဖွဲ့များက ကိုယ်တိုင်တာဝန်ယူ ဆောက်လုပ်လာကြသည်။


လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူး ရေဒီယိုမိန့်ခွန်းမှာ ပြောဖူးတာရှိပါသည်။ “ကျွန်တော်တို့မှာ ငွေမရှိဘူး။ တတ်ကျွမ်းတဲ့လူ အလုံအလောက် မရှိဘူး။ ဒီအချက်နှစ်ချက်နဲ့ပတ်သက်ပြီး ဘယ်အစိုးရပဲ မြန်မာပြည်မှာတက်တက် နိုင်ငံခြားအကူအညီမရဘဲ မလုပ်နိုင်ဘူး။ နိုင်ငံခြား အကူအညီယူရတယ်ဆိုတာ အမြဲကောင်းတာ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်တို့အခြေ အနေက မြန်မာပြည် ပြန်လည်ထူထောင်နိုင်ဖို့ဆိုရင် နိုင်ငံခြားအကူအညီမယူမဖြစ်တဲ့ အခြေအနေ ဖြစ်နေတယ်။ ...ပရိယာယ်အရာ ကျွမ်းကျင်ပြီးကျွန်တော်တို့ကိုယ်ကိုယ်လည်း လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ အရည်အချင်းမျိုးရှိအောင် အခုကတည်းက စတင်ပျိုးထောင်ထားဖို့လိုတယ်။...ဒါကြောင့် ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးပြင်ဆင်မှုလုပ်ငန်းတွေဟာတိုင်းပြည်ကာကွယ်ရေးနဲ့ စီးပွားရေးအခြေခံတွေကို အခုကတည်းက အုတ်မြစ်ချထားရမယ်” ဟူ၏။


အချုပ်အားဖြင့်ဆိုရလျှင် ခေတ်မီအောင်မြင်ကြသော၊ ငွေရင်းငွေနှီးကြီးမားကြသော နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုကြရမည်ဖြစ်သော်လည်း အနိုင်ကျင့် မတော်မတရားလုပ်ခြင်းတို့ကို ကာကွယ်နိုင်သည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ တိတိကျကျ ခိုင်ခိုင်မာမာရှိရန်လိုပါမည်။ ထို့အတူ ပြည်တွင်း၌ အရည်အချင်း မြင့်မားလာနိုင်ရေးအတွက်လည်း လိုအပ်သောအစီအမံများ ပြင်ဆင်ပေးရန် လိုအပ်မည်ဟု တင်ပြလိုက်ရပါသည်။ ။


မြန်မာ့အလင်း