နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုရရှိနေတဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်က အာဖဂန်နစ္စတန်နိုင်ငံရဲ့ အကျပ်အတည်း

 

ထွန်းကျော်

 

၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်မှာ တာလီဘန်တွေဟာ အာရှရက်ဖ်ဂါနီ အစိုးရကို ဖြုတ်ချလိုက်ပြီး နိုင်ငံ့အာဏာကို ရယူခဲ့ပါတယ်။ တစ်နှစ်ကြာပြီး နောက်မှာတော့ အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာက အာရုံစိုက်တဲ့ စိန်ခေါ်မှု ပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတော့တယ်။

 

တာလီဘန်တွေဟာ မြို့တော် ကဘူးလ်ကို လွန်ခဲ့တဲ့နှစ် သြဂုတ် ၁၅ ရက် မှာ သိမ်းပိုက်လိုက်တဲ့အတွက် ကမ္ဘာကြီးတောင် အံ့သြသွားရပါတယ်။ သမ္မတဟောင်း အာရှရက်ဖ်ဂါနီရဲ့တပ်ဖွဲ့တွေဟာ နည်းနည်းလေးတောင် မခုခံနိုင်ခဲ့ပါဘူး။ အမေရိကန်က အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ရဲ့အုပ်စိုးမှုကို ၂၀၀၁ ခုနှစ် က စစ်ဆင်ရေးနဲ့ အဆုံးသတ်လိုက်ပြီးနောက် ပထမဆုံးအနေဖြင့် အစ္စလာမ္မစ် အခြေခံဝါဒတွေ ကိန်းအောင်းနေတဲ့အဖွဲ့ဟာ နောက်ဆုံးမှာတော့ အာဏာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ တာလီဘန်နဲ့ ဝါရှင်တန်တို့ရဲ့ သဘောတူညီချက်အဖြစ် ၂၀၂၁ ခုနှစ် မေလမှာ စစ်ပွဲဒဏ် ခံစားနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှ နေတိုးတပ်ဖွဲ့တွေ စတင်ဆုတ်ခွာခဲ့တဲ့အတွက် ဂါနီအစိုးရပြုတ်ကျသွားခြင်း ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။ လူနည်းစုကတော့ အာဖဂန်နစ္စတန်နိုင်ငံဟာ စစ်သွေးကြွ တွေလက်ထဲ လျင်လျင်မြန်မြန် သက်ဆင်းသွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

 

သာမန်ပြည်သူတွေရဲ့ ဘဝအဆိုးဆုံးအခြေအနေကို ရောက်ရှိ

 

တာလီဘန်တွေ အာဏာပြန်လည်ရယူခဲ့ခြင်းရဲ့ ပထဝီနိုင်ငံရေး သက်ရောက်မှုအပြင် သာမန်အာဖဂန် ပြည်သူတွေရဲ့ ဘဝတွေဟာ လွန်ခဲ့တဲ့ နှစ်ကတည်းက ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားခဲ့ပါတယ်။ အများစုကတော့ အဆိုးဆုံးအ ခြေအနေကိုရောက်ရှိသွားကြပါတယ်။

 

အာဖဂန်နစ္စတန်မှာ ၂၀၀၁ ခုနှစ်မှာ တာလီဘန်အစိုးရ ပြုတ်ကျပြီးနောက် အမေရိကန် ကျောထောက်နောက်ခံပြု အစိုးရအပေါ် ဝေဖန်မှုများရှိခဲ့သော်လည်း ဆယ်စုနှစ် နှစ်ခုအတွင်းမှာ အာဖဂန် နစ္စတန်နိုင်ငံရဲ့ ကဏ္ဍအတော်များများမှာ တိုးတက်မှုတွေရှိခဲ့ပါတယ်။

 

လွတ်လပ်တဲ့ သတင်းမီဒီယာတွေလည်း အရင်သမ္မတ ဟာမစ်ကာဆိုင်းနဲ့ အာရှရက်ဖ်ဂါနီတို့ လက်ထက်မှာ အတော်လေး တိုးတက်လာခဲ့ပါတယ်။ ထို့အတူ လူ့အခွင့်အရေးအခြေအနေတွေလည်း တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေတက်တဲ့ မိန်းကလေးတွေလည်း တိုးတက်များပြားလာခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အလယ်အလတ်တန်းစားအလွှာလည်း ဟိုးအရင် အလားတူ ကာလထက် ပိုပြီးပြည့်စုံလာခဲ့ပါတယ်။

 

ကတိကဝတ်တွေအကောင်အထည်မဖော်နိုင်

 

လွန်ခဲ့တဲ့ ၁၂ လမှာတော့ ဒီအခြေ အနေတွေဟာ ပြောင်းပြန်အခြေအနေတွေ ဖြစ်သွားခဲ့ပါတယ်။ တာလီဘန်တွေဟာ ၂၀၂၀ ဒိုဟာ သဘောတူညီချက်မှာပေးထားတဲ့ ကတိကဝတ်တွေကို ပြည့်ဝစွာ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ သူတို့ဟာ နိုင်ငံတွင်းမှာ အားလုံးပါဝင်တဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းမယ်ဆိုတဲ့ အချက်ကို မျက်ကွယ်ပြုပြီး ပေါ့ပေါ့ဆဆ နေခဲ့ပါတယ်။

 

အခုဆိုရင်တော့ အာဖဂန်နစ္စတန်နိုင်ငံမှာ မိန်းကလေးတွေ ခြောက်တန်းကျော်သွားပြီဆိုရင်ကို ကျောင်းဆက်တက်လို့ မရတော့ပါဘူး။ ထို့အတူ အမျိုးသမီးတွေကိုလည်း ကဏ္ဍအများစုမှာ အလုပ်လုပ်ခွင့် မပေးတော့ပါဘူး။ သတ်မှတ်ထားတဲ့ ရက်တွေမှာပဲ အများ ပြည်သူအပန်းဖြေဥယျာဉ်တွေကို သွားရောက်ခွင့်ရှိပါတယ်။

 

အာဖဂန်နစ္စတန်နိုင်ငံရဲ့ စီးပွားရေးဟာ အခုဆိုရင် အဆီးအတားမရှိ လက်လွတ်ခြေလွတ် ကျဆင်းလျက်ရှိပါတယ်။ ကုလသမဂ္ဂကတော့ လူသားချင်းဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းတွေအတွက် သတိပေးထားပါတယ်။

 

အာဏာရယူပြီးကတည်းက တာလီဘန်တွေဟာ သူတို့ကို အာဖဂန်နစ္စတန်နိုင်ငံရဲ့ တရားဝင်အုပ်ချုပ်သူတွေအဖြစ် အသိအမှတ်ပြုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဖိအားတွေပေးနေခဲ့ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုဟာ တာလီဘန်တွေအတွက် စီးပွားရေး ပြိုလဲမှုကို ရှောင်ရှားဖို့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

 

သန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်

 

အာဖဂန်ပြည်သူ သန်းပေါင်းများစွာဟာ အလုပ်လက်မဲ့တွေ ဖြစ်နေကြပြီး သူတို့ရဲ့ ဘဏ်အကောင့်တွေဟာလည်း သုံးစားမရ ဖြစ်နေပါတယ်။ ပြည်သူများစွာဟာ အစားအသောက်တွေဝယ်ဖို့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချနေ ကြရပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင် စားနပ်ရိက္ခာမလုံလောက်မှုတွေကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

 

ဇန်နဝါရီလမှာ ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံအတွက် အကြီးမားဆုံးမေတ္တာရပ်ခံမှု ပြုလုပ်ခဲ့ပါတယ်။ အာဖဂန် နစ္စတန်နိုင်ငံဟာ ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခရောက်မှုကို အလျင်မြန်ဆုံး ကာကွယ်တားဆီးဖို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ (ပေါင် ၃ ဒသမ ၉ ဘီလီယံ) လိုအပ် လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

 

သို့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကတော့ တာလီဘန်လက်ထဲ ရန်ပုံငွေတွေ တိုက်ရိုက်လွှဲပြောင်းပေးဖို့ တွန့်ဆုတ်လျက် ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အလှူငွေတွေ တာလီဘန်လက်ထဲရောက်သွားရင် ဒီငွေတွေနဲ့ လက်နက်တွေဝယ်လိုက်မှာ စိုးရိမ်နေပါတယ်။ ထို့အတူ ဝါရှင်တန်ကလည်း အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဘဏ်အသုံးပြုခွင့်တွေကို ပိတ်ထားလိုက်ပါတယ်။

 

ကုလသမဂ္ဂရဲ့အဆိုအရ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံ တစ်နိုင်ငံတည်းသာ အမျိုးသမီးတွေ အထက်တန်း ကျောင်းတက်ခွင့်မရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အရင်အစိုးရခေတ်တုန်းက အမျိုးသမီးတွေဟာ ဝန်ကြီးအဆင့်ကနေ ရုံးစာရေးအထိ နိုင်ငံရဲ့ ကဏ္ဍအတော် များများမှာ အလုပ်လုပ်ခွင့်ရကြပါတယ်။ ဒါပေမယ့် တာလီဘန်တွေ အုပ်ချုပ်လိုက်တဲ့ ခြောက်လအတွင်းမှာပဲ သူတို့တွေဟာ အိမ်မှာနေထိုင်ခြင်းသာ ရှိပါတော့တယ်။

 

အာဖဂန်အမျိုးသမီးတွေ လမ်းပေါ်ထွက်

 

တာလီဘန်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ဆုံးဖြတ်ချက်တွေကို ဆန္ဒပြဖို့ အာဖဂန် အမျိုးသမီးတွေ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းခဲ့ကြသလို အမျိုးသမီးအခွင့်အရေး တောင်းဆိုသူတွေကို ဖမ်းဆီးခဲ့ကြပါတယ်။

 

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အုပ်ချုပ်တာ တစ်နှစ်မပြည့်မီအချိန်မှာပဲ သူတို့ရဲ့ကြမ်းတမ်းပြင်းထန်တဲ့မူဝါဒတွေက အမျိုးသမီးသန်းပေါင်းများစွာရဲ့ လွတ်လပ်ပြီးအန္တရာယ်ကင်းတဲ့ ဦးဆောင်ခွင့်၊ ဘဝလိုအပ်ချက်တွေ ဖြည့်ဆည်းခွင့်တွေကို ပိတ်ပင်ခံခဲ့ရတယ်လို့ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Amnesty International မှ အတွင်း ရေးမှူးချုပ် အက်ဂ်နက်စ်ကယ်လာမာ့ဒ် က ပြောပါတယ်။

 

အစ္စလာမ် စည်းကမ်းတွေနဲ့ ဘယ်လောက်ပဲ ပိတ်ပင်ပိတ်ပင် အာဖဂန်အမျိုးသမီးတွေကတော့ သူတို့ရဲ့ အသံကို ကမ္ဘာကကြားအောင် လုပ်ဆောင် နေကြပါတယ်။

 

မီဒီယာတွေပေါ်မှာ တင်းကျပ်တဲ့ ဆင်ဆာဖြတ်တောက်ခွင့်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က တာလီဘန်တို့ နိုင်ငံကို အုပ်ချုပ်လိုက်ချိန်ကတည်းက အမျိုးသမီး သတင်းထောက်တွေရဲ့ အခန်းကဏ္ဍတွေ ပျောက်ဆုံးလျက်ရှိတယ်လို့ပြော လိုက်ပါတယ်။

 

အာဖဂန်အရေးဟာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ကြီးမားတဲ့အရေးဖြစ်တာနဲ့အညီ အာဖဂန်နစ္စတန် အကျပ်အတည်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံ စူးစိုက်မှုကို ရရှိလျက်ရှိပါတယ်။

 

နိုင်ငံတကာအကြမ်းဖက်သမားတွေနဲ့ ဆက်သွယ်

 

တာလီဘန်တွေဟာ နိုင်ငံတကာက အကြမ်းဖက်သမားတွေနဲ့ ဆက်သွယ်လျက်ရှိပါတယ်။ သူတို့ရဲ့အာဏာရရှိမှုဟာ ဒေသတွင်းမှာ ဂျီဟတ်အဖွဲ့အစည်းတွေကို ပိုအားကောင်းစေသလိုဖြစ်လာခဲ့ပါတယ်။ သူတို့အချင်းချင်း ပေါင်းစည်းလျက်ရှိပြီး အကြမ်းဖက်ဝါဒီ ငွေကြေးထောက်ပံ့သူတွေနဲ့ သူတို့ရဲ့ နည်းဗျူဟာနဲ့ မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်မှုတွေက ဒေသတွင်းနဲ့ တခြားနိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိပါးနှောင့်ယှက် လျက်ရှိပါတယ်။

 

ကိုးကား - ဒီဒဗလျူ