နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲနှစ်ခုအတွက် မြန်မာ ယူ-၁၈ အသင်း ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်

၁၀ မတ်

မြန်မာ ယူ-၁၈ အသင်းသည် မတ်နှင့် ဧပြီလတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲနှစ်ခုအတွက် ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

မြန်မာ ယူ-၁၈ အသင်းသည် ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော်လည်း အနီးစပ်ဆုံးယှဉ်ပြိုင်ရမည့် ဖိတ်ခေါ်ပြိုင်ပွဲနှစ်ခုအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ ယူ-၁၈ အသင်းသည် MFF Youth အသင်းအမည်ဖြင့် MNL ယူ-၂၁ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော်လည်း အဓိကပြိုင်ပွဲများအတွက် အထောက်အကူဖြစ်စေရန် ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ၎င်းအနေဖြင့် မြန်မာ ယူ-၂၂ အသင်းတွင် လက်ထောက်နည်းပြတာဝန်ကိုပါ ပူးတွဲရယူထားရသော်လည်း လေ့ကျင့်မှုမပြတ်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ ယူ-၁၈ အသင်းယှဉ်ပြိုင်မည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲကို မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းလေးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဧပြီတွင်မူ ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဟောင်ကောင် ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယူ-၁၉ ပြိုင်ပွဲနှင့်အတူ ယူ-၁၆ ပြိုင်ပွဲကိုပါ ကျင်းပမည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် အသင်းနှစ်သင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်းတွင် နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ ဟိန်းထက်စိုး၊ နောက်တန်း- ရဲထက်အောင်၊ စည်သူမိုးခန့်၊ သော်ဇင်ထက်၊ ညဏ်လင်းထက်၊ စောကျော်ထက်၊ မျိုးချစ်ဇော်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ကိုကို၊ ဇော်ဇော်၊ အလယ်တန်း-ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ နောင်နောင်စိုး၊ သူရအောင်၊ ခွန်ကျော်ဇင်ဟိန်း ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ သြဘာခနှင့် နွေအေးတို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်