နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပ

ဒီးမော့ဆို ၂၅  သြဂုတ် 
 
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံး တို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်အားကောင်းသည့် အလေ့အထ ရရှိစေရန်၊ ပြည်သူများ အသိပညာဗဟုသုတတိုးပွားပြီး ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းမှု အားကောင်းလာစေရန်နှင့် စာပေ၏ တန်ဖိုးကို သိရှိနားလည်ပြီး လူတိုင်းစာဖတ်သည့် အလေ့အထရရှိလာစေရန် ရည်ရွယ်၍ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကို သြဂုတ် ၂၅ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ၌ ကျင်းပသည်။
 
 
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစူးရယ်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မူလတန်းအောက်ဆင့် ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူ ၃၃ ဦး က မိမိကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို နိုင်ငံတကာစာ တတ်မြောက်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
အဆိုပါ ကျောင်းသားကျောင်းသူများ ယှဉ်ပြိုင်နေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ငြိမ်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်၊ မိဘပြည်သူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။    ၎င်းနောက်  နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သြဂုတ် ၂၈ ရက်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
 
 
ရီရယ်(ဒီးမော့ဆို)