နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ သုဝဏ္ဏကွင်း၌ စတင်တည်ဆောက်နေ

ရန်ကုန် ၂၄ မေ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဖူဆယ်အားကစားနည်း တိုးတက်လာစေရန်နှင့် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

ဖူဆယ်အားကစားရုံတည်ဆောက်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကလည်း FIFA Forward Program အစီအစဉ်ဖြင့် ဒေါ်လာနှစ်သန်း ထောက်ပံ့ထားပြီး ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းအပြီး တည်ဆောက်မည်ဖြစ်သည်။ ရန်ကုန်မြို့တွင် ဖူဆယ်ကစားသည့် အားကစားရုံ သီးခြားမရှိသောကြောင့် ပြိုင်ပွဲများကျင်းပရာတွင် အခက်တွေ့မှုများရှိခဲ့သော်လည်း ၂၀၂၀ နှစ်လယ်ပိုင်းမှစ၍ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်တော့မည်ဖြစ်သည်။ အဆိုပါ ဖူဆယ်အားကစားရုံတွင် ပရိသတ် ၂၀ဝ၀ ကြည့်ရှုအားပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်မည်ဖြစ်သည်။ 

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် တည်ဆောက်ထားသည့် ဝဏ္ဏသိဒ္ဓိ ဖူဆယ်အားကစားရုံသာ နိုင်ငံတကာ အဆင့်မီကွင်းအဖြစ်ရှိသော်လည်း ပြိုင်ပွဲများကျင်းပရာတွင် ရန်ကုန်မြို့သာ အဆင်ပြေမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရုံသစ်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ဖူဆယ်ပြိုင်ပွဲများ ကျင်းပလာသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်ပြီး နိုင်ငံတကာဖူဆယ်ပြိုင်ပွဲများတွင်လည်း ထိုက်သင့်သည့် အောင်မြင်မှုများရရှိခဲ့သည်။

ရဲရင့်ရှိုင်း