နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းနှင့် ပြည်တွင်း ခရီးသွား ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းပြပွဲ ကျင်းပမည်

ရန်ကုန် ၇  စက်တင်ဘာ 

 

နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းနှင့် ပြည်တွင်း ခရီးသွား ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး Myanmar Tourism Federation (MTF) နှင့် Myanmar China Friendship Association (MCFA) တို့၏ ကူညီပံ့ပိုးမှုဖြင့် နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းပြပွဲ (မြန်မာ) ၂၀၁၈ (International Tourism Expo Myanmar ITEM 2018) ပွဲကို ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ နိုဝင်ဘာ ၂ ရက်မှ ၄ ရက်နေ့ထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ TAW WIN GARDEN HOTEL တွင်ပြုလုပ်သည့် နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းပြပွဲ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။ 

 

 

နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းပြပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး Travel Support ကုမ္ပဏီလီမီတက်မှ ဒါရိုက်တာ ဦးနွေမိုးအောင်က ''ပြည်တွင်း ခရီးသွား လုပ်ငန်းတွေ ခေတ်နှင့်အညီ အရှိန်အဟုန်တိုးတက်မြင့်မား လာစေဖို့နဲ့ စီးပွားရေး ပူးပေါင်းမှုများ ပိုမို ဆောင်ရွက်လာစေဖို့အတွက် ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကိုလည်း ပြည်သူတွေ ပိုမိုသိရှိလာမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။

 

ပြပွဲတွင် ပြည်တွင်း ပြည်ပ လေကြောင်းလိုင်းများ၊ ဘဏ်နှင့် အာမခံ လုပ်ငန်းများ၊ ဟိုတယ်များ၊ အပျော်စီးသင်္ဘော ကုမ္ပဏီများ၊ ပြည်တွင်း ပြည်ပ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၊ ခရီးသွားခြင်းနှင့် စပ်ဆက်နေသော ပစ္စည်းရောင်းချသည့် ကုမ္ပဏီများ၊ ကားဝန်ဆောင်မှု ကုမ္ပဏီများနှင့် တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများမှ မိမိတို့၏ ဝန်ဆောင်မှုများကို ခရီးသွားများ သိရှိစေရန် ဝင်ရောက်ပြသသွားမည် ဖြစ်သည်။

 

ခရီးသွားဝန်ဆောင်မှုပြပွဲများ ပြုလုပ်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေခြင်း၊ ခရီးသွားနှင့် ဆက်နွယ်နေသည့် ပြည်တွင်း စီးပွားရေး ကဏ္ဍ အသီးသီးတွင်လည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေခြင်း၊ မြန်မာ့ရေမြေ သဘာ၀ အလှအပများနှင့် မြန်မာ့ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကိုလည်း နိုင်ငံတကာမှ ပိုမိုသိရှိ လာစေမည်ဖြစ်ကြောင်း နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းပြပွဲ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)