နိုင်ငံတကာ အဆင့်မီစက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေး

ရန်ကုန် ၁၄ မေ 

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၄၅) ရက်မြောက်နေ့ကို ဇွန်လ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမတွင် ဆက်လက်ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီရင်ခံစာကို လွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့သော “ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ကွပ်ကဲမှုအောက်ရှိ မြို့နယ်(၁၁) မြို့နယ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီရင်ခံစာ” ကို စီမံကိန်းနှင့် စပ်လျဉ်း၍ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဋ္ဌေး၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၊ လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းဟန်၊ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ကော်မတီတို့မှ အသီးသီး ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

 

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

 

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရန် ကျန်ရှိသော ကိုယ်စားလှယ်များ အနေနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး(၄၆)ရက်မြောက်နေ့ ဇွန်လ (၁၅) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)